လွန်ခဲ့သည့်ရှစ်နှစ်သည် ကမ္ဘာတစ်ဝန်းတွင် စံချိန်တင်အပူဆုံးဖြစ်ဟု အီးယူရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်

၂၀၂၀ ပြည့်နှစ်ကတည်းက လာနီညာ ရာသီဥတုပုံစံ၏ အအေးဒဏ်လွှမ်းမိုးသည့်တိုင်လွန်ခဲ့သည့် ရှစ်နှစ်က စံချိန်တင်အပူဆုံး ဖြစ်ခဲ့သည်ဟု ဥရောပသမဂ္ဂ၏ ရာသီဥတု စောင့်ကြည့်ရေးဝန်ဆောင်မှုက ဇန်နဝါရီ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မကြုံစဖူး သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ပိုမိုများပြားခဲ့သော၂၀၂၂ ခုနှစ်၏ ပျမ်းမျှအပူချိန်သည် မှတ်တမ်းများ စတင်ခဲ့သည့် ၁၉ ရာစုနှစ် နောက်ပိုင်း ပဥ္စမမြောက် အပူဆုံးနှစ်ဖြစ်သည်ဟု Copernicus ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ဆောင်မှုကဆိုသည်။ ပါကစ္စတန် တွင် နိုင်ငံ၏သုံးပုံတစ်ပုံကို ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့်အတွက် လူ၃၃ သန်း ရေဘေးသင့်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုနှင့်စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှု ဒေါ်လာ၃ဝဘီလျံရှိ လာခဲ့ပြီးနောက်ပါကစ္စတန်နှင့် အိန္ဒိယမြောက်ပိုင်းသည် နှစ်လကြာ နွေဦးအပူလှိုင်း ကြောင့် အပူချိန်သည် ၄၀ ဒီဂရီဆဲစီးယက်အထက်တွင်ရှိခဲ့သည်။ ပြင်သစ်၊ဗြိတိန်၊စပိန်နှင့် အီတလီတို့တွင် ၂၀၂၂ ခုနှစ်အတွင်း ပျမ်းမျှအပူချိန်အသစ်စံချိန်တင်ခဲ့ပြီး ဥရောပတစ်ခုလုံးသည် ၎င်း၏ဒုတိယ အပူဆုံးနှစ်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု Copernicus ၏ နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြင်းထန်သော မိုးခေါင်မှုအခြေအနေများကြောင့်ဥရောပတစ်ဝန်းလုံးတွင် အပူလှိုင်းများ တိုးလာခဲ့သည်။

ဥရောပ၏အပူချိန်သည် လွန်ခဲ့သည့်နှစ် ၃၀ ကျော်အတွင်း ကမ္ဘာတစ်ဝန်းလုံးပျမ်းမျှအပူချိန်ထက် နှစ်ဆကျော် မြင့်တက်ခဲ့ကာယင်းဒေသသည် ကမ္ဘာပေါ်တွင် အခြားတိုက်များထက် အပူချိန်တိုးမြင့်နှုန်း အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။ “၂၀၂၂ ခုနှစ်ဟာ ဥရောပတစ်ဝန်းနဲ့ ကမ္ဘာတစ်ဝန်းလုံးအတွက် ရာသီဥတုဆိုးရွားတဲ့ နောက်ထပ် နှစ်တစ်နှစ်ဖြစ်ပါတယ်”ဟု Copernicus ရာသီဥတုပြောင်းလဲမှုဝန်ဆောင်မှု၏ လက်ထောက်အကြီးအကဲ ဆမန်သာ ဘာဂတ်စ်က ပြောကြားခဲ့သည်။ “ဒီရာသီဥတုဖြစ်စဉ်တွေဟာဆိုရင် ကျွန်မတို့ဟာ ပူနွေးတဲ့ကမ္ဘာကြီးရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားနေရပြီးဖြစ်တယ် ဆိုတာကို မီးမောင်းထိုးပြနေပါတယ်”ဟု ၎င်းကဆိုသည်။ အရှေ့ အလယ်ပိုင်း၊တရုတ်၊ဗဟိုအာရှနှင့် မြောက်အာဖရိကတစ်ဝန်းသည်လည်း ၂၀၂၂ ခုနှစ်အတွင်း မကြုံစဖူး ပူနွေးမှုကိုခံစားခဲ့ရကြောင်း တွေ့မြင်ခဲ့သည်။

တရုတ်နှင့် အနောက်ပိုင်းဥရောပတွင် ရာသီဥတုအခြေအနေများနှင့် ဆက်နွှယ်၍ စိုက်ပျိုးရေး၊မြစ်များ၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် စွမ်းအင်စီမံခန့်ခွဲမှုအပေါ် ဆိုးရွားသည့် သက်ရောက်မှုများရှိခဲ့သည်။ ကမ္ဘာ့ဝင်ရိုးစွန်းဒေသများ သည်လည်း လွန်ခဲ့သည့်နှစ်က စံချိန်တင်အပူချိန်များကို ကြုံတွေ့ခဲ့ရသည်။ အရှေ့အန္တာတိကတိုက်အတွင်းပိုင်းရှိ ဝေးလံသော ဗော့စတော့သုတေသနဌာနတွင် အပူချိန်သည် အနုတ် ၁၇.ရဆဲစီးယက်အထိ ရောက်ရှိခဲ့ပြီး ယင်းသည် ၎င်း၏ ၆၅နှစ် ကြာသမိုင်းအတွင်း အပူနွေးဆုံးစံချိန်ဖြစ်ခဲ့သည်။ အန္တာတိကပင်လယ်ရေခဲပြင်သည် တောင်ဘက် ကမ္ဘာခြမ်းနွေရာသီအတွင်း ဖေဖော်ဝါရီလ၌ ၄၄ နှစ်ကြာ ဂြိုဟ်တုမှတ်တမ်း၌ အနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့သည်။