တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပြီး တရုတ်၌ သက်ကြီးရွယ်အိုများ ရောဂါကူးစက်ခံရနိုင်သည့်အပေါ် စိုးရိမ်မှုများတိုးလာ
နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်ပြည်သူများအနေဖြင့် ဇာတိမြေသို့ပြန်ရန် စီစဉ်လျက်ရှိစဉ် ၎င်းတို့၏ အသက်ကြီးပိုင်း ဆွေမျိုးသားချင်းများဆီသို့ COVID-19 ရောဂါ ကူးစက်နိုင်သည့်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ရောဂါကူးစက် ပျံ့နှံ့မှုများ အရှိန်မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။ ဇန်နဝါရီ ၂၁ ရက်တွင် တရုတ်နှစ်သစ်ကူးအား လပ်ရက်ကာလ တရားဝင်စတင်မည်ဖြစ်ကာ မကြုံစဖူး ဆန္ဒပြမှုများနှင့် မကျေနပ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည့် တင်းကျပ်သော ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းများကို ပြီးခဲ့သည့်လက ဖြေလျှော့ခဲ့ပြီးနောက်တွင် နှစ်သစ်ကူး အားလပ်ရက်ကာလ ကိုဖြတ်သန်းရမည်ဖြစ်သည်။
ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ၎င်းတို့ တစ်စိုက်မတ်မတ် ကျင့်သုံးခဲ့သည့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို အာဏာပိုင်များက ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်းတွင် လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသော တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ကာ ဆေးရုံများနှင့် မီးသင်္ဂြိုဟ်ရုံများတွင်လည်း မနိုင်မနင်းဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အို အများအပြားသည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံထားခြင်းမရှိကြောင်း သိရသည်။
ရောဂါကူးစက်မှုများနှင့် ပတ်သက်၍ တရုတ်က တရားဝင်ထုတ်ပြန်သော စာရင်းများ ပြည့်စုံလုံလောက်မှု မရှိချိန်တွင် ယင်းသည် ကမ္ဘာပေါ်တွင် နှစ်စဉ်ရွှေ့ပြောင်းသွားလာမှုအများဆုံးအဖြစ် သတ်မှတ်ခံထားရသော အားလပ်ရက်ကာလ တွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် စိန်ခေါ်မှုဖြစ်လာလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် သတိပေးခဲ့သည်။ တရုတ်ထိပ်တန်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း အားလပ်ရက်အတွင်း အသက်အရွယ်ကြီးရင့်သည့် ဆွေမျိုးသားချင်းများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန် သတိပေးထားသည်။ အဆိုပါ အားလပ်ရက်အတွင်း မြို့ကြီးများမှ လူသန်းပေါင်းများစွာတို့သည် ကျေးလက်ဒေသများသို့ သွားရောက် လေ့ရှိသည်။
လတ်တလော ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ပြင်းထန်မှုပမာဏနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိသည့်အပေါ် WHO နှင့် ပြည်ပနိုင်ငံများ၏ အစိုးရများက တရုတ်အပေါ် ဝေဖန်လျက်ရှိသည်။ လက်ရှိတွင် တရုတ်ခရီးသွားများကို နိုင်ငံအများအပြားက ကန့်သတ်မှုများချမှတ်ထားသည်။ တရုတ်အာဏာပိုင်များ သည် ပြီးခဲ့သည့်လအတွင်း တစ်ရက်လျှင် သေဆုံးသူငါးဦး သို့မဟုတ် ထို့ထက်နည်းပါးသည့် ပမာဏရှိသောစာရင်းကို ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင်မူ COVID-19 ရောဂါကြောင့် လူသေဆုံးမှုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ အမျိုးသားကျန်းမာရေး အာဏာပိုင်အဖွဲ့ လက်အောက်ရှိ COVID-19 ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ လျန်ဝမ်နန်ကမူကပ်ရောဂါကာလ ပြီးဆုံးမှသာ အသေအပျောက်စာရင်း ကို တိတိကျကျ စာရင်းကောက်ယူနိုင်မည်ဟု ပြောကြားထားသည်။