နေပြည်တော်ရှိ နေရာအချို့တွင် ဖောက်ခွဲရေးလုပ်ရန်စီစဉ်မှုဖြင့် အမျိုးသားသုံးဦးကို ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည်ခြောက်တောင့်၊ လက်လုပ်မိုင်း ၁၀ လုံးနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်ရှိ နေရာအချို့တွင် ဖောက်ခွဲရေးလုပ်ရန်စီစဉ်မှုဖြင့် အမျိုးသား သုံးဦးကို ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ခြောက်တောင့်၊ လက်လုပ်မိုင်း ၁၀ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အဖွဲ့နှင့်ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော ကျော်မျိုးသူအား ဖမ်းဆီးရ မိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျော်မျိုးသူ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာ ရှိ ဖမ်းဆီးရန်ကျန် လှမိုး(ခ)လှမိုးအောင်၏ နေအိမ်၌ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ခြောက်တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက် ဖောက်ခွဲရသည့် ခလုတ်သုံးခု၊ Keypad ဖုန်း တစ်လုံး၊ ရီမုတစ်ခုနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး လှမိုး(ခ)လှမိုးအောင်အား တပ်ကုန်း မြို့နယ်၊ ဆည်ထိပ်ကျေးရွာနှင့် ရွှေမြို့ကျေး ရွာသွားလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။

လှမိုး(ခ)လှမိုးအောင်၏ ထွက်ဆိုချက် အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်၍ သတင်းပေးပို့နေသည့် ကျော်ဆန်းအေး(ခ) အရှည်ကြီးအား တပ်ကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်၌ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကျော်မျိုးသူသည် တပ်ကုန်း PDF အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် ဗညား(ခ)သီဟ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေး ရွာအနီး၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိလက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား တပ်ကုန်း PDF အဖွဲ့ဝင် ဗညား(ခ)သီဟက ဖယ်ခုံမြို့နယ်ဘက်မှ ၎င်းတို့နှင့်ဆက်စပ်မှုရှိသည့် PDF အဖွဲ့ဝင်များထံမှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းပစ္စည်းများဖြင့် လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်အတွင်း၌ နေရာအချို့၌ ဖောက်ခွဲဖျက်ဆီးများပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မည့် အစီအစဉ်တွင် လှမိုး(ခ)လှမိုးအောင်နှင့် ကျော်မျိုးသူတို့က ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်း၊ ကျော်ဆန်းအေး(ခ)အရှည်ကြီးက ဖောက်ခွဲရေး ပြုလုပ်မည့် နေရာများနှင့် လုံခြုံရေးအဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကို စောင့်ကြည့်ခြင်းအား အသီးသီးတာဝန်ခွဲဝေပြုလုပ်သွားရန် စီစဉ်ထားသည်ဟု နစက,က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကျော်မျိုးသူ၊ လှမိုး(ခ) လှမိုးအောင်နှင့် ကျော်ဆန်းအေး(ခ)အရှည်ကြီးတို့ သုံးဦးသည် တပ်ကုန်း PDF အဖွဲ့ဝင် ဗညား(ခ)သီဟ၏ ခိုင်းစေမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လွတ်လပ်ရေးနေ့တွင် အခမ်းအနားပြုလုပ်မည့် တပ်ကုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်နေရာအားလည်းကောင်း၊ မြဝတီရပ်ကွက်ရှိ မြို့နယ်အား ကစားကွင်းနေရာအားလည်းကောင်း၊ တပ်ကုန်းမြို့မစျေး ပတ်ဝန်းကျင်နေရာအားလည်းကောင်း၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်းနေရာအား လည်းကောင်း၊ တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) ရှေ့ဝင်ပေါက်နှင့် မြောက်ဘက်ဝင်ပေါက်နေရာများ အားလည်းကောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များလာရောက်မည့် နွယ်ရစ်ကျေးရွာအဝင် တံတားထိပ်နေရာအားလည်းကောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲ ပြုလုပ်မည့်နေရာများအား ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်နေမှုအပေါ်သတင်း လက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။