မန်ယူအသင်း၏ စပိန်ခရီးစဉ်တွင် ဆန်ချို မပါဝင်

မန်ယူအသင်း၏ စပိန်ခရီးစဉ်တွင် တောင်ပံကစားသမား ဆန်ချို ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ မန်ယူအသင်း၏ထုတ်ပြန်ချက်တွင် ဂျေဒန်ဆန်ချိုသည် အမြင့်ဆုံးအဆင့်သို့ ပြန်ရောက်ရန်အတွက် သီးသန့်လေ့ကျင့်ခန်းများ ပြုလုပ်နေပြီး ကလပ်အသင်းအနေဖြင့် သူ့အား အပြည့်အဝထောက်ခံ အားပေး နေကြောင်း ရေးသားခဲ့သည်။ ဆန်ချိုသည် နယ်သာလန်တွင် သီးသန့်လေ့ကျင့်ခန်းဆင်းနေပြီး ပြီးခဲ့သည့် လက ဒတ်ချ်အပျော်တမ်းကလပ် OJC Rosmalen အသင်းတွင် သီးခြားလေ့ကျင့်ခန်းဆင်းခဲ့သည်။ ဒဏ်ရာမှ ပြန်ကောင်းလာသော နောက်ခံလူ ဝမ်ဘစ်ဆာကာနှင့် ဘရန်ဒန်ဝီလျံစ်တို့မှာ အသင်း၏ စပိန်ခရီးစဉ်တွင် ပါဝင်သွားခဲ့ပြီး တွမ်ဇီဘီမှာမူ အသင်းလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည်ဖြစ်သည်။ မန်ယူအသင်းသည် စပိန်ခရီးစဉ်တွင် ကာဒစ်ဇ်၊ ဘက်တစ်တို့နှင့် ခြေစမ်းကစားမည် ဟု သိရသည်။