ပြင်သစ်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျရူး စံချိန်တင်ခဲ့ပြီး လီလီယန်သူရမ်၏ ပွဲအများဆုံး စံချိန်ကို ဂိုးသမား လိုရစ် လိုက်မီ

ပြင်သစ်အသင်းက ပိုလန်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဝါရင့်တိုက်စစ်မှူး ဂျရူးက သွင်းဂိုးစံချိန်သစ် ပိုင်ဆိုင်ခဲ့ပြီး ဂိုးသမား ဟူဂိုလိုရစ်က ပွဲအများဆုံးစံချိန်အား လိုက်မီခဲ့ကြောင်း သိရသည်။

ဂျရူးသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၃)ဂိုးမြောက်ဂိုးကို ပိုလန်နှင့်ပွဲ၌ သွင်းယူခဲ့ပြီးနောက် ပြင်သစ် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သီယာရီအွန်နရီနှင့် ပူးတွဲရပ်တည်နေရာမှ အဆိုပါဂုဏ်ပုဒ် ကို တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဂျရူးသည် ပြင်သစ်အသင်းအတွက် (၁၁၇)ပွဲမြောက်ယှဉ်ပြိုင်ကစားရာ၌ (၅၂)ဂိုးမြောက်သွင်းယူကာ (၁၂၃)ပွဲကစားရာတွင် (၅၁) ဂိုးသွင်းယူ ခဲ့သည့် အွန်နရီကို ကျော်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

အိုလီဗီယာဂျရူး(၃၆ နှစ်)သည် ၂၀၁၁ ခုနှစ်တွင် ပြင်သစ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ကစားသမားဘ၀ (၁၁)နှစ်တာကာလတွင် ယခုကဲ့သို့ ဂိုးသွင်းအများဆုံးစံချိန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ယှဉ်ပြိုင်ကစားနေဆဲကစားသမားများထဲ၌ ဂရီးဇ်မန်းက (၄၂)ဂိုး၊ ဘန်ဇီမာက (၃၇)ဂိုး၊ ဘာပေက (၃၃)ဂိုး သွင်းယူထားသည့်အတွက် ဂျရူး၏စံချိန်သစ်ကို လာမည့်နှစ်အနည်းငယ်အတွင်း ချိုးဖျက်နိုင်သည့်ကစားသမား ပေါ်ထွက်လာဖွယ်မရှိသေးပေ။ သို့သော် ဘာပေ၏ခြေစွမ်းနှင့် ဂိုးသွင်းနှုန်း အရ ဂျရူး၏စံချိန်ကိုချိုးဖျက်ရန် အလားအလာအကောင်းဆုံး ကစားသမားဖြစ်နေကြောင်း သုံးသပ်မှုများ လည်း ရှိခဲ့သည်။

ဟူဂိုလိုရစ် (၃၅ နှစ်)မှာ ပိုလန်နှင့်ပွဲတွင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၁၄၂)ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်ခံလူဟောင်း လီလီယန်သူရမ်၏ ပွဲအများဆုံးစံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။ လိုရစ်သည် ၂၀၀၈ ခုနှစ်တွင် ပြင်သစ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး နည်းပြ လောရင့် ဘလန့်လက်ထက်မှစ၍ ပထမဂိုးသမားအဖြစ် တောက်လျှောက်နေရာရလာခဲ့သူဖြစ်သည်။ ပြင်သစ်အသင်း က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ခဲ့သည့်အတွက် လိုရစ်အနေဖြင့် ယခုပြိုင်ပွဲတွင်ပင် ပြင်သစ်အသင်း၏ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်တော့မည် ဖြစ်သည်။ ထို့ပြင် လိုရစ်သည် အွန်နရီ၊ ဘားသက်ဇ်တို့၏ ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားပွဲအများဆုံးစံချိန် (၁၇)ပွဲကိုလည်း လိုက်မီခဲ့ပြီး ရှေ့လာမည့်ပွဲတွင် အဆိုပါစံချိန်ကို တစ်ဦးတည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။