ပေါ်တူဂီ-ဥရုဂွေးပွဲတွင် LGBT အလံကိုကိုင်ကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့သည့် အမျိုးသားပရိသတ် အရေးယူခံရမည်မဟုတ်

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ပေါ်တူဂီ-ဥရုဂွေးပွဲတွင် LGBTQ+ များကို အားပေးသည့် သက်တံရောင်အလံကို ကိုင်ဆောင်ပြီး ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့သည့် အမျိုးသားပရိသတ်တစ်ဦးသည် ထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာပြီး အရေးယူခြင်းခံရမည်မဟုတ်ကြောင်း သိရှိရသည်။ နိုဝင်ဘာ (၂၈)ရက်က ကစားခ ဲ့သည့် အုပ်စု (H) ပွဲစဉ် ပေါ်တူဂီ (၂-ဝ) ဥရုဂွေးပွဲ၏ ဒုတိယပိုင်းတွင် မာရီယိုဖာရီဆိုသူ အီတလီအမျိုးသား ပရိသတ်သည် Superman တီရှပ်ဝတ်ဆင်ပြီး LGBT အလံကိုင်ဆောင်ကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက် ခဲ့သည်။ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် မာရီယိုဖာရီ၏ Superman တီရှပ်တွင် အရှေ့ဘက်၌ “Save Ukarain” (ယူကရိန်းကို ကယ်တင်ပါ) စာသား ပါဝင်သလို၊ နောက်ဘက်တွင် “Respect for Iranian Woman” (အီရန်အမျိုးသမီးကို လေးစားပါ)ဆိုသည့် စာသားရေးသားထားသည်။

ပေါ်တူဂီနှင့် ဥရုဂွေးတို့ ကစားခဲ့သည့် Lusail ကွင်းမှ လုံခြုံရေးများသည် မာရီယိုဖာရီကို လိုက်ဖမ်းခဲ့ရာ ၎င်းသည် အလံကိုပစ်ချကာ ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင် အဖမ်းခံခဲ့ရသည်။ ယင်းနောက် ၎င်းသည် ထိန်းသိမ်း ခံခဲ့ရပြီး နိုဝင်ဘာ (၂၉)ရက်တွင် ပြန်လွတ်လာကြောင်း သိရှိရသည်။ ဒိုဟာရှိ အီတလီသံရုံး၏ထုတ်ပြန်ချက်တွင် “အီတလီနိုင်ငံခြားရေးဌာနသည် ဒိုဟာရှိ အီတလီသံရုံးနှင့်ပူးပေါင်းကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်သူအတွက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ၎င်းသည် ထိန်းသိမ်းခံခဲ့ရသော်လည်း အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ပြီး အရေးယူမှု များ ပြုလုပ်မည်မဟုတ်ကြောင်း” ဖော်ပြပါရှိသည်။ မာရီယိုဖာရီအနေဖြင့် ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့ခြင်း အတွက် အရေးယူခံရမည်မဟုတ်သော်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံခဲ့ရကြောင်း သိရသည်။

ကွင်းအတွင်း ဝင်ရောက်ဆန္ဒပြခဲ့ခြင်းနှင့်ပတ်သက်ပြီး မာရီယိုဖာရီက နံပါတ်(၁)မှာ အမျိုးသမီးများကိုလေးစားမှု မရှိသည့် အီရန်တွင် ခံစားနေရသည့်သူငယ်ချင်းများအတွက်ဖြစ်ကြောင်း၊ နံပါတ် (၂) မှာ FIFA က အသင်း ခေါင်းဆောင် များကို LGBTQ+ ကို ထောက်ခံသည့်သက် တံရောင်လက်ပတ်ဝင်ခွင့်ကို ပိတ်ပင်သည့်အတွက် ဖြစ်ကြောင်း နှင့် နံပါတ် (၃)မှာ ရုရှားကျူးကျော်စစ်ကြောင့် ခံစားရနေသည့် ယူကရိန်းတွင် ငြိမ်းချမ်းရေးလိုအပ်၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မာရီယိုဖာရီသည် ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ် ဘယ်လ်ဂျီယံ-အမေရိကန်ပွဲတွင်လည်း Superman တီရှပ်ကိုပင် ဝတ်ဆင်ကာ ယင်းတီရှပ်၌ “Save Favelas Children” (ကျူးကျော်ရပ်ကွက်များမှ ကလေးများကို ကယ်တင်ပါ) စာသားကို ရေးသား၍ကွင်းအတွင်း ဝင်ရောက်ခဲ့ဖူးကြောင်း သိရသည်။