COVID-19 စည်းမျဉ်းများအပေါ် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဆန္ဒပြမှုများနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များ က စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်

COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များအပေါ် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆန္ဒပြမှုများ ဖြစ်ပွားမှုအတွင်း ပါဝင်ခဲ့သူအချို့ကို တရုတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်း ပေကျင်းမြို့ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူသုံးဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ပေကျင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်၌ သူ့ကိုယ်သူ ရဲအရာရှိဟုဆိုသောလူတစ်ဦးက ဆန္ဒပြတစ်ဦးအား နိုဝင်ဘာ ၂၇ ရက်ညပိုင်းက ၎င်း၏လှုပ်ရှားမှုများအကြောင်း မှတ်တမ်းရေးသား၍ ရဲစခန်းသို့လာရောက်ပေးပို့ရန် ပြောကြားခဲ့သည်ဟု သိရသည်။

နောက်ထပ်ဖြစ်စဉ်တစ်ခုတွင်လည်း ကျောင်းသားတစ်ဦးအား ၎င်း၏တက္ကသိုလ်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် နေရာ၌ ရှိနေခဲ့ခြင်းရှိမရှိ ဆက်သွယ်မေးမြန်းခဲ့ပြီး ဖြစ်စဉ်ကို စာဖြင့်ရေးသားပေးပို့ရန် တောင်းခံခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ ပေးပို့ထားတဲ့ စာတွေကို အသည်းအသန် ပြန်ဖျက်နေရပါတယ်” ဟု အမည်မဖော်လိုသည့် ပေကျင်းမြို့မှ ဆန္ဒပြသူတစ်ဦးက ရိုက်တာသို့ပြောကြားခဲ့သည်။

“ရဲအင်အား အများအပြားရှိနေပါတယ်။ ရဲတွေက ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို မှတ်ပုံတင်ပြ ခိုင်းပြီး နောက်တော့ သူ့ကို ဖမ်းခေါ်သွားပါတယ်။ ဘာကြောင့်မှန်းတော့ မသိရပါဘူး။ နာရီအနည်းငယ်အကြာမှာ သူပြန် လွတ်လာခဲ့တယ်” ဟုလည်း ၎င်းကဆိုသည်။ ပေကျင်းမြို့ ပြည်သူ့လုံခြုံရေးဌာနကမူ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်း မရှိပေ။ COVID-19 ကပ်ရောဂါကာလ သုံးနှစ်ထဲသို့ ရောက်လာချိန်တွင် တရုတ်၌ အာဏာပိုင်များ၏ တင်းကျပ်သော ရောဂါတားဆီးကာကွယ်ရေးမူဝါဒများအပေါ် မကျေနပ်ချက်များ တအုံနွေးနွေး ဖြစ်ပေါ်ခဲ့ရာမှ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် မိုင်ထောင်ချီဝေးသည့် မြို့ကြီးများ၌ ပိုမိုကျယ်ပြန့်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

တရုတ်၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ စံချိန်တင်မြင့်တက်လာကာ မြို့အချို့၏ နေရာအများအပြား တွင် လော့ဒေါင်းချမှုနှင့် ရင်ဆိုင်နေရစဉ်အတွင်း သမ္မတရှီကျင်းပင် အာဏာရလာပြီးနောက်ပိုင်း လူထု၏ အကြီးမားဆုံး ဆန့်ကျင်အာခံမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

တရုတ်လူဦးရေ၏ အများစုကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ဟန့်တားကာကွယ်ရန် ရောဂါကူးစက်ပြန့်ပွားမှု မှန်သမျှကို အမြစ်ဖြတ်ထိန်းချုပ်ကာ တိုင်းပြည်နယ်နိမိတ်များကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထိန်းချုပ်သည့် ကိုဗစ်ကင်းစင်ရေး မူဝါဒကို အာဏာပိုင်များက တစ်စိုက်မတ်မတ် ကျင့်သုံးလျက်ရှိသည်။ လော့ဒေါင်းချမှုများကြောင့် တရုတ်သည် ဆယ်စုနှစ်များအတွင်း စီးပွားရေးတိုးတက်မှု အနှေးကွေးဆုံးအခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာလုံး ဆိုင်ရာ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်ကို ထိခိုက်စေခဲ့ကာ ငွေကြေးစျေးကွက်များကိုလည်း အကြီးအကျယ် ဂယက်ရိုက်စေခဲ့သည်။ ကျဲ့ကျန်းပြည်နယ် မြို့တော်ဟန်ကျိုးတွင် နိုဝင်ဘာ ၂၈ရက် ညပိုင်းက လူစုလူဝေး မလုပ်နိုင် အောင် ရာနှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များက ရင်ပြင်ကျယ်ကြီးတစ်ခု၌  နေရာယူထားပုံကို ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့န ေသည့် ဗီဒီယိုများတွင် မြင်တွေ့ရပြီး ရိုက်တာကမူ သီးခြားအတည်ပြုခြင်းမရှိပေ။