အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်က အသင်း၏ မန်စီးတီးကွင်းလယ်ကြယ်ပွင့်ကစားသမား ဖီးလ်ဖိုဒန်သည် အင်္ဂလန်အသင်း၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆောက်ဂိတ်သည် အမေရိကန်အသင်းနှင့်သရေကျခဲ့သည့်ပွဲစဉ်၌ ဖိုဒန်အား လူစားဝင်ကစားသမားအဖြစ်ပင် အသုံးချခြင်းမရှိခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဖိုဒန်သည် လက်ရှိအချိန်တွင် မန်စီးတီးအသင်း၏ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေကာ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း အင်္ဂလန်အသင်းတွင်မူ (၁၉) မိနစ်သာ ကစားထားရသည်။ ယင်းနှင့်ပတ်သက်သည့် ဝေဖန်မှုများကို ဆောက်ဂိတ်က ”ကျွန်တော်တို့က ဖီးလ်ကို ချစ်ပါတယ်။ သူက စူပါကစား သမားပါ။ သူက ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ အဓိကကစားသမားအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဖီးလ်က လေ့ကျင့်ရေး ကွင်းမှာလည်း အစွမ်းကုန်ကြိုးစားနေပြီး ဒီပြိုင်ပွဲအတွက် သူ့ရဲ့ချဉ်းကပ်ပုံ အားလုံးဟာ အကောင်းဆုံးအခြေအနေမှာရှိပါတယ်”ဟု ဆိုခဲ့သည်။

ဘရာဇီးလ်အသင်းနည်းပြ ထိထီက ဒဏ်ရာပြဿနာရှိနေသည့် နေမာနှင့် ဒန်နီလို နှစ်ဦးစလုံး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆက်လက်ကစားနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားထားသည်။ နေမာနှင့် ဒန်နီလိုမှာ ဆားဘီးယားအသင်းနှင့် အုပ်စုအဖွင့်ပွဲ၌ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆွစ်ဇာလန်အသင်းနှင့် ဒုတိယပွဲကို လွဲချော်ခဲ့သလို ကင်မရွန်း အသင်းနှင့် နောက်ဆုံးပွဲကိုပါ လွဲချော်ဖွယ်ရှိနေသည်။

သို့သော် ၎င်းင်းတို့နှစ်ဦး၏အခြေ အနေနှင့်ပတ်သက်၍ ထိထီက ”နေမာနဲ့ ဒန်နီလို ကမ္ဘာ့ဖလားမှာ ကစားနိုင်ဦး မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်က ဆေးဘက်ဆိုင်ရာအကြောင်း ပြောရမယ့်နေရာက မဟုတ်ပါဘူး။ ကျွန်တော် ပြောနိုင်တာက နေမာတင် မဟုတ်ပါဘူး၊ ဒန်နီလိုပါ သူတို့နှစ်ဦးစလုံးရဲ့အခြေအနေက တိုးတက်လာ ပါတယ်။ ကမ္ဘာ့ဖလားမှာ သူတို့နှစ်ဦးစလုံး ပါဝင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် နေမာ ပြစ်ဒဏ်အကြိမ်ကြိမ်ကျူးလွန်ခံရခြင်းအပေါ် ၎င်းက ”ခင်ဗျားအနေနဲ့ ဘောလုံးပွဲတွေ ဆင်နွှဲချင်တယ် ဆိုရင် ပြစ်ဒဏ်ဘောတွေကို သတိထားရမယ်။ သူတို့(ပြိုင်ဘက်နောက်ခံလူ)တွေက ကစားသမားတွေကို ပစ်မှတ် ထားဖို့ အာရုံစိုက်ထားတာပါ။ အဲဒါက အကျိုးသက်ရောက်မှုရှိပါတယ်။ အဲဒီအရာတွေကို ရပ်တန့်ပစ်ရပါမယ်”ဟု ဆက်လက်ပြောကြားသည်။