ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ရုရှားနိုင်ငံ အဆင့်မြင့်ပညာရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌သီးခြားစီတွေ့ဆုံ၍ ယဉ်ကျေးမှု၊ ပညာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အဆင့်မြင့် ပညာရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့မှု မြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မော်စကို နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ် (Moscow State Institute of International Relations)၊ ရုရှားပြည်သူ့ချစ်ကြည်ရေးတက္ကသိုလ် (People’s Friendship University of Russia)၊ Pushkin  ပြည်နယ် ရုရှားဘာသာစကားအင်စတီကျု (The Pushkin State Russian Language Institute) စသည့် တက္ကသိုလ်များမှ မြန်မာပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanks အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု မြင့်တင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောကကြပြီး ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုနိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်၊ ရုရှားပြည်သူ့ ချစ်ကြည်ရေး တက္ကသိုလ်တို့မှ ဒုတိယပါမောက္ခချုပ်များ၊ Pushkin ပြည်နယ် ရုရှားဘာသာစကားအင်စတီကျုမှ နိုင်ငံတကာရေးရာဌာနမှူးနှင့် The Alexander Gorchakov Public Diplomacy Fund မှ ဒုတိယအမှုဆောင် ဒါရိုက်တာတို့ တက်ရောက်ကြကြောင်းသိရသည်။ အလားတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံမှုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ် အတွင်း ဆွေးနွေးခဲ့သော နှစ်နိုင်ငံအကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ပညာရေး၊ ပညာအရည်အသွေးနှင့် ဘွဲ့ဒီဂရီများ အသိအမှတ်ပြုရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံတက္ကသိုလ်များအကြား ပညာရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ ဘာသာ စကားသင် ဆရာ ဆရာမများနှင့် ရုရှားဘာသာစကားသင် ဆရာ ဆရာမများ အပြန်အလှန်စေလွှတ်ရေး၊ ရုရှားအစိုးရ ပညာတော်သင်ဆု (၂၀၂၃) အစီအစဉ်သို့ ဝင်ရောက်လျှောက်ထားသော မြန်မာတက္ကသိုလ် ဆရာ ဆရာမများကို ဦးစားပေးရွေးချယ်နိုင်ရေး၊ Naypyitaw State Academy ရှိ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ များကို အရည်အသွေးပူးပေါင်းမြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံတက္ကသိုလ်များက ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များထံမှ ပညာသင်ဆုရယူလိုသော ဦးစားပေး ပညာရပ်နယ်ပယ်များနှင့် ဘွဲ့သင်တန်းများ အမည်စာရင်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြပြီး ရုရှားအဆင့်မြင့် ပညာရေးကိုယ်စားလှယ်အဖွဲ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့် အရာရှိကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ The Alexender Gorchakov Public Dicplomacy Fund နှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။