တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော ရေပြင်နယ်နိမိတ်အနီးရှိ ဖိလစ်ပိုင်၏ကျွန်းတစ်ကျွန်းဆီသို့ အမေရိကန်ဒုသမ္မတ သွားရောက်

အမေရိကန်၏ ကာလရှည်မဟာမိတ် ဖိလစ်ပိုင်အား ထောက်ခံမှုကိုပြသကာ ဒေသတွင်း၌ တရုတ်၏သြဇာကြီးထွား လာမှုကို တန်ပြန်သည့်အနေဖြင့် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်သည် တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုထားသော ရေပြင်နယ်နိမိတ်အနီးတွင် တည်ရှိသည့် ဖိလစ်ပိုင်၏ ကျွန်းတစ်ကျွန်းဆီသို့ နိုဝင်ဘာ ၂၂ ရက်က သွားရောက်ခဲ့သည်။ ဟဲရစ်စ်သည် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ရှိ စပရတ်တလေကျွန်းစုနှင့် အနီးကပ်ဆုံး ဖိလစ်ပိုင်ကုန်းမြေထုဖြစ်သည့် နိုင်ငံအနောက်ပိုင်း ပါလာဝမ်ကျွန်းသို့ သွားရောက်ခဲ့သည့် အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရတာဝန်ရှိသူ ဖြစ်လာခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှုပမာဏသည် ဒေါ်လာထရီလျံနှင့်ချီ ရှိနေသည်။ သည်ဟိဂ်မြို့ အခြေစိုက် အနုညာတခုံရုံးက တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ တရုတ်၏ ပြောဆိုချက်များသည် ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိဟု ဆုံးဖြတ်ခဲ့သော်လည်း တရုတ်က အဆိုပါဆုံးဖြတ်ချက်ကို လက်ခံခြင်းမရှိပေ။

အမေရိကန်ဒုသမ္မတ ဟဲရစ်စ်သည် ၎င်းဒေသမှ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ၊ ဒေသခံတံငါသည်များနှင့် တွေ့ဆုံသွား မည်ဟု သိရသည်။

ဒုသမ္မတ ဟဲရစ်စ်သည် အပြည်ပြည်ဆိုင်ရာဥပဒေများ၊ ဥပဒေနှင့်အညီ လွတ်လပ်စွာကုန်သွယ်မှုနှင့် ပင်လယ် ရေကြောင်းမှ လွတ်လပ်စွာသွားလာပိုင်ခွင့်တို့၏ အရေးပါပုံနှင့်ပတ်သက်၍ ပြောကြားသွားမည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ မြို့တော်မနီလာတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် တွေ့ဆုံခဲ့ပြီး တစ်ရက်အကြာတွင် ပါလာဝမ်ကျွန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ရေယာဉ်များ သို့မဟုတ် လေယာဉ်များ တိုက်ခိုက်ခံရပါက ဖိလစ်ပိုင်ကို အကာအကွယ်ပေးသွားမည်ဟူသော အမေရိကန်၏ကတိကဝတ်ကိုလည်း မမှိတ်မသုန် စောင့်ထိန်းသွားမည်ဖြစ်ကြောင်း ဟဲရစ်စ်က ထပ်လောင်း အတည်ပြု ခဲ့သည်။

Enhanced Defense Cooperation Agreement (EDCA) ဟု အမည်ရသော ၂၀၁၄ ခုနှစ် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်၌ ဖိလစ်ပိုင်ရှိ စစ်အခြေစိုက်စခန်းငါးခုတွင် အမေရိကန်က စစ်လက်နက်များနှင့် အသုံးအဆောင် ပစ္စည်းများ ထားခွင့်ရှိပြီး ထိုအခြေစိုက်စခန်းများတွင် အမေရိကန်တပ်ဖွဲ့ဝင်များ အလှည့်ကျတာဝန်ထမ်း ဆောင်ခြင်းကိုလည်း ခွင့်ပြုထားသည်။ တရုတ်လိုလားသည့် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးလက်ထက်၌ အမေရိကန်-ဖိလစ်ပိုင်ဆက်ဆံရေး အက်ကြောင်းထင်ခဲ့သော်လည်း သမ္မတသစ်မားကို့စ်ကမူ မဟာအင်အားကြီးနိုင်ငံ များနှင့် ဆက်ဆံရေးကို ဟန်ချက်ညီညီ ထိန်းညှိရန် ကြိုးပမ်းလျက်ရှိကာ ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်းဆိုင်ရာ ရပိုင်ခွင့်များကို အထိပါးခံမည်မဟုတ်ဟုလည်း ပြောကြားထားသည်။