နစကဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်တွေ့ဆုံ၍ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် H.E.Mr.Vinay Mohan Kwatra တို့သည် နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင်  နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ၊ ကာကွယ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုမြှင့်တင်ဆောင်ရွက်မည့် အခြေအနေများ၊ စိုက်ပျိုးရေးနည်းပညာများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုလားတန်မြစ်ကြောင်း စီမံကိန်းဆောင်ရွက်လျက်ရှိမှုနှင့် ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေး ဆိုင်ရာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုမိုမြှင့်တင်ဆောင်ရွက်မည့်အခြေအနေများ၊ ကုန်သွယ်မှု လုပ်ငန်းများတွင် နှစ်နိုင်ငံငွေကြေးများဖြစ်သည့် ရူပီးနှင့်ကျပ်ငွေတို့ကို တိုက်ရိုက်ပေးချေနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိမှုအခြေအနေများကို  ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့မှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အား ထမ်းဆောင်ခဲ့ရမှုနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့်ဆက်ဆံရေး ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတက်ရောက်ပြီး အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Shri Saurabh Kumar တက်ရောက်ခဲ့ ကြောင်း သိရသည်။