ရုရှားအစိုးရနဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်အတည်ပြု

ယူကရိန်းစစ်ပွဲဖြစ်ပေါ်နေသော်လည်း မော်စကိုနဲ့ ဝါရှင်တန်ကြား ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က အတည်ပြုပြောကြားပါတယ်။

ကရင်မလင်နဲ့ အဆက်အသွယ် ဆက်လက်ထားရှိတာက အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်ကြောင်း မစ္စတာ ဆူလီဗန်က နယူးယောက်မြို့မှာ ပြောကြားပါတယ်။ ဒါပေမယ့် သူတို့ ဆက်ဆံနေတဲ့သူတွေနဲ့ ပတ်သက်လို့ အမေရိကန်အရာရှိတွေက ရှင်းလင်းစွာ သိရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်း နိုင်ငံမှာ နျူးကလီးယား အသုံးပြုခြင်း အထိတင်းမာမှုတွေ မြင့်တက်သွားတာကို တားဆီးဖို့ ရုရှားနဲ့ ဆွေးနွေးမှုတွေကို မစ္စတာ ဆူလီဗန်က ဦးဆောင်နေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချဖို့ အိမ်ဖြူတော်က ငြင်းဆန်ခဲ့ချိန်မှာပဲ မစ္စတာ ဆူလီဗန်ရဲ့ အထက်ပါ ဝန်ခံပြောကြားမှု ထွက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လ ၊ သုံးလအတွင်းမှာ ရုရှား အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူး နီကိုလိုင် ပက်ထရူရှက်ဖ် ၊ ကရင်မလင်ရဲ့ ထိပ်တန်း နိုင်ငံခြားရေး အကြံပေး ယူရီအူရှာနော့ဗ်တို့ နဲ့ မစ္စတာ ဆူလီဗန်တို့ကြားမှာ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဝေါ်လ်စထရိဂျာနယ်က ရေးသားခဲ့ပါတယ်။

သူတို့ဆွေးနွေးမှုမှာ ယူကရိန်းမှာ နျူးကလီးယားစစ်ပွဲအထိ တင်းမာမှုတွေ မြင့်တက်သွားတာကို တားဆီးဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြကြောင်း ဒါပေမယ့် စစ်ပွဲအဆုံးသတ်မယ့် နည်းလမ်းတွေအကြောင်း ပြောကြားခဲ့တာ မရှိဘူးလို့ ဆွေးနွေးမှုနဲ့ နီးစပ်သူအရာရှိကြီးတွေ က ဝေါ်လ်စထရိ ဂျာနယ်ကို ပြောကြားခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးကောင်စီ ပြောခွင့်ရ အမျိုးသမီး အက်ဒရီယန် ဝပ်ဆန်က ဂျာနယ်သတင်းကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ကာရင် ဂျင်မ်ပီယာကတော့ ရုရှားနဲ့ ဆွေးနွေးခွင့်ကို အမေရိကန်က ကိုင်စွဲထားတယ်လို့ ပြောကြားပါတယ်။

အဲဒီ အတောအတွင်းမှာပဲ ရုရှားနဲ့ ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ထားဖို့ ယူကရိန်းကို အမေရိကန်အရာရှိတွေက တိုက်တွန်းနေကြောင်းနဲ့ ရုရှားမှာသမ္မတ ဗလာဒီမာပူတင် အာဏာရနေသရွေ့ စစ်ပွဲအဆုံးသတ်ရေးကို ဆွေးနွေးမှာ မဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို စွန့်လွှတ်ဖို့လည်း ကန်အရာရှိတွေက ယူကရိန်းကို တိုက်တွန်းနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ -Ref:BBC