ရုရှားတွင် ကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးပွဲအစီအစဉ်သို့ မြန်မာမှ တက်ရောက်မည်ဖြစ်ပြီး ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်

ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University ၌ နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးပွဲအစီအစဉ်သို့  မြန်မာမှတက်ရောက်မည်ဖြစ်ပြီး ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ရန်အတွက်ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်ငါးဦးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ် အမှတ်၊ 8M-333 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University တို့အကြား ဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဘက်ဆိုင်ရာခွဲစိတ် ကုသမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် လေ့ကျင့်သင်တန်းပေးခြင်းများအတွက် နှစ်ဦး နှစ်ဖက်နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များပြုလုပ်မည်ဟု သိရသည်။

 ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှုသင်တန်းများ၊ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေး သင်တန်းများ၊ ကလေးခွဲစိတ်ကုသမှုသင်တန်းများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံမှ ဆေးပညာရှင်များ စေလွှတ်သင်ကြားနိုင်ရေး၊ ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာရပ်သင်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးပညာရပ်ဆိုင်ရာ ခွဲစိတ်ကုသမှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမည့် နှစ်နိုင်ငံဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ source:popularnews