ကစားသမားဘဝက အနားယူကြောင်း ဘာကာနောက်ခံလူ ပီကေး ကြေညာ

ဘောလုံးကစားသမားဘဝနေ အနားယူတော့မှာဖြစ်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးကရုတ်တရက် ကြေညာလိုက်ပါတယ်။

အသက် ၃၅ နှစ်ရှိ စပိန်နောက်ခံလူဟာ ဘာစီလိုနာမှာပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေပြီး ကွင်းပြင်ပမှာလည်း ဇနီးဖြစ်သူရှာကီရာနဲ့ လမ်းခွဲထားတာ လပိုင်းပဲရှိသေးတာပါ။

နိုဝင်ဘာ ၃ ရက်နေ့မှာတော့ လာမယ့်တစ်ပတ်ပွဲစဉ်ကစားအပြီးမှာ ကစားသမားဘဝကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာသွားခဲ့တာပါ။

အရင်ကတည်းကပြောထားသလိုပဲ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရင် ဘယ်အသင်းကိုမှ ဆက်ပြီး ကစားတော့မှာ မဟုတ်ကြောင်း၊ စနေနေ့မှာ ကစားမယ့် လာလီဂါပွဲစဉ်ဟာ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်း ပီကေးကပြောပါတယ်။

အသင်းအတွက်ကစားခွင့်ရတဲ့ အချိန်မှာ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြောင်း၊ အမြဲတမ်း ဘာစီလိုနာအသင်း ပရိသတ်အနေနဲ့ ဆက်လက်အားပေးနေမှာဖြစ်ကြောင်း ပီကေးက ဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုတင်ပြီး နှုတ်ဆက် စကားဆိုခဲ့တာပါ။

သူဟာ ဘာစီလိုနာမှာ ၁၄ နှစ်ကြာကစားခဲ့ပြီး ဆုဖလား ၃၁ လုံးရယူနိုင်ခဲ့ပါတယ်။ မန်ယူမှာကစားစဉ်ကလည်း ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့အတူလည်း ကမ္ဘာ့ဖလားနဲ့ ယူရိုဆုဖလားတွေ ရယူနိုင်ခဲ့ပါသေးတယ်။