ငှက်ဖျားကာကွယ်နိုင်မယ့် ပဋိပစ္စည်းဆေးသစ် အောင်အောင်မြင်မြင် စမ်းသပ်

ဆေးကိုတကြိမ်ပဲယူရုံနဲ့ ငှက်ဖျားကို ၆ လတာကာကွယ်ပေးနိုင်ကြောင်း အာဖရိကမှာလုပ်တဲ့ သုတေသန က ပြသလိုက်ပါတယ်။ ဒါဟာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုက်ဖျက်ရာမှာ နောက်ဆုံး ချဉ်းကပ်ပုံဖြစ်ပါတယ်။

၂၀၂၀ မှာ ငှက်ဖျားကြောင့် လူ ၆ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး ၂၄၁ သန်းကျော် နာမကျန်းဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အာဖရိကမှာ ၅ နှစ်အောက်ကလေးတွေ အဓိကဖြစ်ကြပါတယ်။

အခု စမ်းသပ်မှုကတော့ လက်ရှိရနေတဲ့ ငှက်ဖျားကာကွယ်ဆေးနဲ့ လုံးဝကို မူကွဲပြားတဲ့ စမ်းသပ်ချက်ပါ။ ငှက်ဖျားဖြစ်တဲ့အခါ အဲဒီ ငှက်ဖျားကို တန်ပြန်တိုက်ခိုက်ပေးတဲ့ ပဋိပစ္စည်းကို ခန္ဒာကိုယ်ရဲ့ ကိုယ်ခံအား စနစ်က ထုတ်ပါတယ်။ ခု စမ်းသပ်မှုမှာတော့ အဲဒီ ပဋိပစ္စည်းကို ဓာတ်ခွဲခန်းမှာထုတ်ပြီး လူကိုပေးလိုက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးသဘောလိုပဲ ဝင်လာတဲ့ရောဂါကို ဒီ ပဋိပစ္စည်းတွေက သွားရောက် ပိတ်ဆို့လိုက်တာပါ။

အာဖရိက က မာလီမှာလုပ်တဲ့ သုတေသနမှာတော့ လူကြီး ၃၃၀ ကို စမ်းသပ်ခဲ့ပါတယ်။ သူတို့ကို ငှက်ဖျားပိုး ၂ ပတ်တခါ ၆ လ အထိ စစ်ဆေးခဲ့ပါတယ်။ ပဋိပစ္စည်းဆေးကို ပြင်းပြင်းပေးရင် ၈၈ ရာနှုန်း ကာကွယ်ပေးပြီး ပြင်းအားနည်းနည်းဆေးကိုပေးရင် ၇၅ ရာနှုန်း ကာကွယ်ပေးတာကို အာဖရိက သုတေသန မှာ တွေ့ရပါတယ်။

အဲဒီ ပဋိပစ္စည်းတွေကို အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးအင်စတီကျု NIH သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာထုတ်ခဲ့ပြီး အကြောဆေးနဲ့ လူကိုပေးရပါတယ်။ အကြောဆေးထိုးရတဲ့အခါ လူအများကြီးကို ပေးနိုင်ဖို့ အလုပ်သဘောအရခက်တာကြောင့် ဒီ သုတေသီတွေကပဲ ပိုပြီး လွယ်လွယ်ကူကူထိုးလို့ရတဲ့ ပဋိပစ္စည်းဆေးကို ထပ် ထုတ်ခဲ့ကြပြီး တနှစ်အောက်ကလေးတွေ၊ ကလေးတွေနဲ့ လူကြီးတွေမှာ စမ်းသပ်ခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့သုတေသနကို New England Journal of Medicine သုတေသနစာစောင်မှာ တနင်္လာနေ့က ပုံနှိပ်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကလေးတွေအတွက် ငှက်ဖျားကာကွယ်ဆေးကို အရင်က ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ ကာကွယ်ဆေးက ၃၀ ရာနှုန်းပဲထိရောက်ပြီး ဆေး ၄ ခါ ရယူရပါတယ်။

“လက်ရှိရနေတဲ့ကာကွယ်ဆေးက လူလုံလုံလောက်လောက် အကာအကွယ် မပေးနိုင်ပါဘူး။” လို့ အခု ပဋိပစ္စည်း လေ့လာချက်ကို ဦးဆောင်ခဲ့တဲ့ မာလီနိုင်ငံ Bamako မြို့မှာရှိတဲ့ သိပ္ပံ၊ နည်းနာနဲ့နည်းပညာဆိုင်ရာ တက္ကသိုလ်က ဒေါက်တာ Kassoum Kayentao က ပြောပါတယ်။  -Ref:VOA