ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သား ၇၀၀ နီးပါး ထပ်မံခေါ်ယူမည်

ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သား ၇၀၀ နီးပါး ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမား ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်း လှမ်းစာ (Demand Letter) များကို  စိစစ် ဆောင်ရွက်နေကြောင်း၊ ထိုသို့ စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက် ရှိသည် ဟု သံရုံးက ဆိုသည်။

အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ ပြန်ကြားခဲ့သည့် အလုပ် ကမ်းလှမ်းစာ ၁၈၀ ရှိပြီး ခေါ်ယူထားသည့် အလုပ်သမားအရေအတွက်မှာ ၆၉၀ ကျော် ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အလုပ်ခေါ်စာများတွင် စက်ရုံ အလုပ်ရုံများက အများစုခေါ်ယူခဲ့သည်ကို တွေ့ရပြီး အမျိုးသမီး လုပ်သားများလည်း ခေါ်ယူထားသည်ကို တွေ့ရသည်။