ရှမ်းပြည်နယ်၌ ချေးငွေကျပ်(၈)ဘီလျံ ထုတ်ချေးပေးရန်စီစဉ်

နိုင်ငံတော်ကနေ ရှမ်းပြည်နယ်အတွင်း အသေးစား စက်မှုလက်မှု လုပ်ငန်းတွေအတွက် ချေးငွေ ကျပ်(၈)ဘီလျံကို ထုတ်ချေးပေးသွားဖို့ စီစဉ်ထားရှိတယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပြောခဲ့ပါတယ်။

အောက်တိုဘာလ (၂၉)ရက်နေ့၊ ညနေပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်စက်မှုဇုန်မှာ စက်မှုလုပ်ငန်းတွေလည်ပတ်နေမှုအခြေအနေနဲ့  ပြည်တွင်း ကုန်ထုတ်လုပ်ငန်း အခြေအနေတွေရဲ့ အားသာချက် ၊အားနည်းချက်တွေကို လမ်းညွှန် ဆွေးနွေးရာမှာဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်တွေမှာ စက်မှုဇုန်လုပ်ငန်းတွေ ပိုမိုတိုးတက်စေဖို့အတွက် စီစဉ်ထားပြီး စက်မှုဇုန်တွေအတွက် လျှပ်စစ်မီး လိုအပ်ချက်တွေကိုလည်း လာအိုနိုင်ငံကတစ်ဆင့် သွယ်တန်းရယူနိုင်ဖို့ စီစဉ် သွားမယ်လို့ဆိုပါတယ်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစားစက်မှု လက်မှုလုပ်ငန်း တွေအနေနဲ့ လုပ်ငန်းစတင်လုပ်ကိုင်တဲ့နှစ်နဲ့တစ်ဆက်တည်း ၃ နှစ်ပြည့်တဲ့အထိ လုပ်ငန်းရဲ့ အသားတင် အမြတ်ငွေက ကျပ်သိန်း ၁၀၀ မကျော်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလကုန်အထိ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်း ပေါင်း(၁၈၀၀၀)ကျော်ရှိတယ်လို့လည်း သိရပါတယ်။