တရုတ်နိုင်ငံတွင် ရှုသွင်းနိုင်သော ကိုဗစ်ကာကွယ်ဆေး စတင်အသုံးပြုလာ

တရုတ်မြို့ကြီးရှန်ဟိုင်းသည် အောက်တိုဘာ ၂၆ ရက်တွင် ရှူသွင်းနိုင်သောကိုရို နာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးမှုကို စတင်ခဲ့သည်ဟု သိရသည်။

အဆိုပါရှူသွင်းနိုင်သော ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘာ့ပထမဆုံးကာကွယ်ဆေးဖြစ်ပုံရသည်ဟု ဆိုသည်။

ပါးစပ်မှတစ်ဆင့် စုပ်သွင်းသော အငွေ့ဖြစ်သည့်ကာကွယ်ဆေးကို ယခင်ကာကွယ် ဆေးထိုးနှံထားသူများအတွက် နောက်တိုးကာကွယ်ဆေးအဖြစ် အခမဲ့ပေးခြင်းဖြစ်သည်ဟု ရှန်ဟိုင်းတရားဝင်လူမှုမီဒီယာတွင် တင်ထားသော ထုတ်ပြန်ချက်အရ သိရသည်။

ဆေးထိုးအပ်မလိုသော ကာကွယ်ဆေးများသည် ကာကွယ်ဆေးထိုးနှံမှု မခံယူလိုသူများကို ဆွဲဆောင်ဖွယ်ရှိနေသည့် အပြင် ၎င်းတို့သည်တိုက်ကျွေးရ လွယ်ကူသောကြောင့် ဆင်းရဲသောနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုကို တိုးချဲ့ရာ၌ အထောက်အကူပြုဖွယ်ရှိသည်။

တရုတ်သည် မဖြစ်မနေ ကိုဗစ်ကာကွယ် ဆေးထိုးနှံမှုခံယူရမည်ဟူသော သတ်မှတ်ချက်ရှိမထားသော်လည်း စီးပွားရေးကို ဆုတ်ဆိုင်းစေပြီး ကမ္ဘာ့အခြားနေရာများနှင့် ဟန်ချက်မညီမှု တိုးလာနေသည့် တင်းကျပ်သော ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ခြင်းမပြုမီ ပြည်သူအများအပြားကို နောက်တိုးကာကွယ်ဆေး ထိုးထားစေလိုနေသည်။

ပြည်သူ့ကျန်းမာရေးဌာနတွင် လူများက ခွက်အကြည်ရောင်၏ နှုတ်သီးခေါင်းကို ပါးစပ်ထဲထည့်၍ စုပ်နေပုံအား Shanghai Media Group က ရိုက်ကူးထားသော ဗီဒီယိုတွင် မြင်ရသည်။ ကျန်းမာရေးဌာနတွင် ကပ်ထားသည့် အသုံးပြုနည်းလမ်းညွှန်တွင် လူများသည် ခွက်ထဲမှ အငွေ့များကုန်သည်အထိ ရှူသွင်းရန်နှင့် ငါးစက္ကန့်ကြာ အသက်အောင့်ထားရန် ညွှန်ကြားထားသည်။

“နို့တစ်ခွက် သောက်ရသလိုပါပဲ”ဟု ချန်ဆိုသည့် ရှန်ဟိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။ “ရှူသွင်းလိုက်တဲ့အခါ တော်တော်လေးချိုတဲ့ အရသာဖြစ်နေပါတယ်”ဟု ဆိုသည်။

ပါးစပ်မှ သောက်သောကာကွယ်ဆေးသည် ကျန်သော အသက်ရှူစနစ်ထံမရောက်မီ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်သည်ဆိုသော်လည်း ယင်းသို့ ဗိုင်းရပ်စ်ကိုကာကွယ်နိုင်ခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အရည်စက်ကလေးများ၏ အရွယ်အစားပေါ်တွင် မူတည်လိမ့်မည်ဟု ပညာရှင်တစ်ဦးက ပြောကြားသည်။

တရုတ်ကျန်းမာရေး စည်းမျဉ်းစည်းကမ်း ထိန်းချုပ်သူများသည် ယခုကာကွယ်ဆေးကို  နောက်တိုး ကာကွယ်ဆေးအဖြစ် အသုံးပြုရန်  ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် အတည်ပြုခဲ့သည်။

ရှူသွင်းနိုင်သော ကာကွယ်ဆေးကို တရုတ်ဇီဝဆေးဝါးကုမ္ပဏီ CanSino Biologics က တီထွင်ခြင်းဖြစ်သည်။

CanSino Biologics ကုမ္ပဏီသည် တစ်ကြိမ်သာထိုးနှံရသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာကာကွယ်ဆေး အယ်ရိုဆော (aerosol၊အရည်မှုန်များပါသော ဓာတ်ငွေ့) ပုံစံကွဲအဖြစ် ယခုကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်ထားခြင်းဖြစ်ပြီး အန္တရာယ်ကင်းသည့် အအေးမိဗိုင်းရပ်စ် (harmless cold virus)ကို အသုံးပြုထားသည်ဟု သိရသည်။