လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို လေးမျက်နှာ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် (18-10-2022) ရက်နေ့ နံနက်(9:30)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီဘဏ္ဍာရေးမှူး ဦးလှခိုင်၊ ပါတီဗဟိုကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ပါတီဗဟိုကော်မတီဝင် ဟင်္သာတခရိုင်ပါတီဥက္ကဌ ဒေါက်တာဌေးဝင်း၊  ခရိုင်ပါတီအတွင်းရေးမှူးဦးမျိုးသန့်နှင့် ခရိုင်ကော်မတီဝင် မြို့နယ်ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး မြို့နယ်ပါတီဥက္ကဌဒေါ်စန်းစန်းချိုက တတိယအကြိမ် ဗဟိုပါတီ ညီလာခံ အတွေ့အကြုံကို ရှင်းလင်းတင်ပြခြင်း၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးလှခိုင်က ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ပါတီစည်းကမ်းလိုက်နာ‌ရေးမှာကြားခြင်း၊  ခရိုင်ပါတီဥက္ကဌ ဒေါက်တာဌေးဝင်းက ရွေးကောက်ပွဲ PR စနစ်အကြောင်း ရှင်းလင်းခြင်း၊ ခရိုင်ပါတီအတွင်းရေးမှူးဦးမျိုးသန့်က ပါတီဝင်များ လိုက်နာကြရမည့်ကျင့်ဝတ်များကို ရှင်းလင်း မှာကြားကြပါသည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဌ ဒေါ်စန်းစန်းချိုက ရွေးကောက်ပွဲအောင်နိုင်ရေး စီမံထားရှိမှုအခြေအနေများကို power point ဖြင့် ရှင်းလင်းတင်ပြခြင်း ပါတီအတွင်းရေးမှူးက ပါတီဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ဘဏ္ဍာရေးမှူးက ဘဏ္ဍာရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အခမ်းအနားကို မွန်းလွဲ (1:30) အချိန်တွင် ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ပါသည်။