နေပြည်တော်တွင် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ခဲ့ပြီး ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက် အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်က ၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စတင်ကျင်းပခဲ့ပြီး ယင်းပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားပြီး ငွေပေးချေမှုကို ပြည်ပရတနာကုန်သည်များက ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများ အတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည် ဖြစ်ကြောင်း၊ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက် အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်းအချောထည် အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲ များ အတွက်အနိမ့် ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ပြီး မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။ elevennews