လျှပ်စစ်ကားတွေကို ၁၀ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်တဲ့ ဘက်ထရီ နည်းပညာ အသစ်

အမေရိကန် ပြည်ထောင်စု Pennsylvania State University မှ သိပ္ပံပညာရှင်တွေက လျှပ်စစ်ကားတွေကို ၁၀ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်တဲ့ ဘက်ထရီ နည်းပညာအသစ်ကို ကြေညာလိုက်ပါတယ်။ အဲဒီ လစ်သီယမ် အိုင်းယွန်း ဘက်ထရီ ဒီဇိုင်းဟာ အားသွင်းချိန်ကို သက်သာစေသလို ခရီးပိုမိုသွားနိုင်ဖို့ လျှပ်စစ် စွမ်းအင်ကို ပိုမို သိုလှောင်ထားနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

 

သုတေသန အဖွဲ့ ခေါင်းဆောင် Chao-Yang Wang က “ဘက်ထရီဟာ အရွယ်အစား သေးငယ်ပြီး အားသွင်းနှုန်း အလွန်မြန်ပါတယ်။ အဲဒီလောက် စွမ်းရည်မြင့်တဲ့ လျှပ်စစ်ကား ဘက်ထရီတွေကို တခြားလူတွေ မတီထွင်နိုင်သေးပါဘူး။ “ လို့ ပြောပါတယ်။

 

အဲဒီ အားအမြန်သွင်းတဲ့ နည်းပညာဟာ လျှပ်စစ်ကားတွေအတွက် 150kWh ကနေ 50kWh အထိ လျှော့ချပေးနိုင်ပြီး ကုန်ကျစားရိတ် သက်သာစေသလို စွမ်းဆောင်ရည် မြင့်မားပါတယ်။ ဘက်ထရီကို Cobalt, Graphite , Lithium တို့လို ကုန်ကြမ်းတွေနဲ့ တည်ဆောက်ထားပြီး ကုန်ကျစားရိတ် သက်သာစေတဲ့အတွက် တန်ဖိုးနည်း လျှပ်စစ်ကားတွေကို အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ Wang က ရှင်းပြပါတယ်။

 

သုတေသနပညာရှင်တွေရဲ့ ပါတနာ ဖြစ်သူ EC Power က အဲဒီ အားသွင်းမြန် ဘက်ထရီကို ထုတ်လုပ်ဖို့နဲ့ ရောင်းချဖို့ ပြုလုပ်နေပြီ ဖြစ်တဲ့အတွက် အနာဂတ်မှာ တန်ဖိုးနည်းပြီး စွမ်းရည်မြင့်တဲ့ လျှပ်စစ်ကားတွေ ပေါ်လာတော့မှာပါ။

 

Ref : inceptivemind