ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် မာရာဒိုနာ၊ စီရော်နယ်လ်ဒိုနှင့် ဇီဒန်း၊ ပရီးမီးယားလိဂ်အတွက် စီရော်နယ်လ်ဒို၊ ရွန်နီနှင့် အွန်နရီတို့ကို ရွိုင်ကင်း ရွေးချယ်

မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္ထဝင်ကစားသမားနှင့် အသင်းခေါင်းဆောင်ဟောင်း  ရွိုင်ကင်းက သူ၏ စိတ်ကြိုက် ထာဝရအကောင်းဆုံးဘောလုံးသမား (၃)ဦးအဖြစ် မာရာဒိုုနာ၊ စီရော်နယ်လ်ဒိုနှင့် ဇီဒန်းတို့ကို ရွေးချယ်ခဲ့သည်။

ရွိုင်ကင်းနှင့် လီဗာပူးလ်အသင်း၏ နာမည်ကျော် နောက်ခံလူဟောင်း ကာရေဂါတို့၏ Sky Sports အတွက် ဘောလုံးဆွေးနွေးမှု အစီအစဉ်တွင် ရွိုင်ကင်းက သူ၏ စိတ်ကြိုက်ကစားသမား (၃)ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရွိုင်ကင်းက ”မာရာဒိုနာ၊  စီရော် နယ်လ်ဒိုနဲ့ ဇီဒန်းတို့က ကျွန်တော့်အတွက်တော့ အားလုံးရဲ့အပေါ်မှာ ရှိပါတယ်။  သူတို့ဟာ မယုံနိုင်စရာ ကစားသမားတွေ၊ အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေ၊ အံအားသင့်ဖွယ် ဂိုးတွေသွင်းခဲ့ပြီး ဆုဖလားတွေအများကြီး ပိုင်ဆိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို ကျော်ဖြတ်အနိုင်ယူမယ့် ကစားသမားကို ရွေးချယ်ရတာ အရမ်းခက်ခဲပါတယ်”ဟု ပြောကြားခဲ့သည်။

ကာရေဂါကမူ ရွိုင်ကင်း ရွေးချယ်ခဲ့သည့် ကစားသမား (၃)ဦးအနက် စီရော်နယ်လ်ဒိုကို ချန်လှပ်ကာ မက်ဆီ၊ မာရာဒိုနာနှင့် ဇီဒန်းတို့ကို ရွေးချယ်ခဲ့သည်။

ရွိုင်ကင်းက ပရီးမီးယားလိဂ်အကောင်းဆုံး (၃)ဦးအဖြစ် စီရော်နယ်လ်ဒို၊ ရွန်နီနှင့် အွန်နရီတို့ကို ရွေးချယ်ခဲ့ပြီး လက်ရှိအကောင်းဆုံးအဖြစ်မူ ဒီဘရိုင်းနား၊ ဟော်လန်း နှင့် စီရော်နယ်လ်ဒိုတို့ကို ရွေးခဲ့သည်။

 

Elevensport