လူထုအကျိုးပြုအက်ပလီးကေးရှင်းတွေကို တီထွင်နေတဲ့ဆယ်ကျော်သက်ကောင်မလေး

အိန်ဂျလီနာ ဆုဘိုအီဆိုတဲ့ ၁၁ တန်းကျောင်းသူလေးဟာ သူတက်တဲ့ပညာနဲ့ လူထုအကျိုးပြုတဲ့ အက်ပလီး ကေးရှင်းတွေ တီထွင်ပေးနေတာပါ။ သူက လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖြစ်ပြီး ပရိုဂရမ်မင်းဘာသာစကား ၁၃ မျိုးကျွမ်းကျင်ပါတယ်။ အိန်ဂျလီနာက ပညာသင်ယူနိုင်ဖို့အတွက် ဆရာတွေနဲ့ ကျောင်းသား/သူတွေကို ချိတ်ဆက်ပေးတဲ့ အက်ပလီးကေးရှင်းတစ်ခုကို တီထွင်ခဲ့သလို သွေးဖိအားနဲ့အသက်ရှုနှုန်းကို ထိန်းညှိဖို့အတွက် တုန်ခါမှုကို အသုံးပြုပြီး CPR ကတဆင့် အသုံးပြုသူတွေကို လမ်းညွှန်ပေးတဲ့ Apple Watch အတွက် အက်ပလီးကေးရှင်းတစ်ခုလည်း ဖန်တီးထားပါတယ်။

လေထုညစ်ညမ်းမှုကို စောင့်ကြည့်တဲ့ကိရိယာတစ်ခုကိုလည်း အခြားသူတွေနဲ့အတူ ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့အဓိပ္ပာယ်အရှိဆုံးတီထွင်မှုက သူ့အမေရဲ့လှုံ့ဆော်ပေးမှုကြောင့် တီထွင်ဖြစ်ခဲ့တဲ့ အက်ပလီးကေးရှင်းပါ။ သူ့အမေက ဂျပန်လူမျိုးရွှေ့ပြောင်းနေထိုင်သူ၊ ကလေး (၃) ယောက် Single Mother ဖြစ်တဲ့အတွက် ဘာသာပြန်ရာမှာ အကူအညီအများကြီးလိုအပ်ခဲ့တာပါ။ ဒါကြောင့် အိန်ဂျလီနာက အင်္ဂလိပ်ဘာသာစကား မပြောတတ်တဲ့ မိခင်တွေကို ကလေးထိန်းကျောင်း၊ ဘိုးဘွားစောင့်ရှောက်မှု၊ ဘာသာပြန်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးတဲ့ ဘာသာစကားပေါင်းစုံအက်ပလီးကေးရှင်း Lilac ကို တီထွင်ခဲ့ပါတယ်။

အိန်ဂျလီနာက Apple ရဲ့ 2022 Swift Student Challenge ရဲ့ အနိုင်ရရှိသူတစ်ယောက်ဖြစ်တဲ့အတွက် Apple ရဲ့စီအီးအို တင်မ် ကွတ်ခ်နဲ့ လည်း အချိန်ကုန်ဆုံးဖြစ်ပါတယ်။ တင်မ်ကွတ်ခ်ရဲ့ရည်မှန်းချက်တွေက သူ့တန်ဖိုးတွေနဲ့ ကိုက်ညီတာကို သူ လေးစားမိတယ်လို့ သူက ဆိုပါတယ်။ အိန်ဂျလီနာဟာ အသက် ၇ နှစ်ကတည်းက ကွန်ပျူတာ Coding နဲ့ အက်ပလီးကေးရှင်းတွေ တည်ဆောက်တာကနေ တဆင့် သူ တွေ့မြင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေခဲ့တာပါ။ “ကျွန်မရဲ့ဘဝမှာ တကယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ ဒါက တကယ်ကို ကောင်းမွန်တဲ့ တွန်းအားတစ်ခုပါပဲ”လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က သူဟာ အပျော်တမ်းလေယာဉ်မောင်းသင်တန်းတက်ရောက်ခဲ့ပါသေးတယ်။ လေယာဉ်မောင်း သင်တန်း အတွက် ငွေပေးချေဖို့အတွက် လေယာဉ်အမှုထမ်းတွေနဲ့ ချိတ်ဆက်ဖို့ Pilot Fast Track ဆိုတဲ့ အက်ပလီးကေးရှင်းကိုလည်း ဖန်တီးခဲ့ပါတယ်။ မကြာသေးခင်က သူဟာ နှစ်ယောက်စီး Sport Cruiser နဲ့ ပထမဆုံးတစ်ကိုယ်တော်ပျံသန်းခဲ့ပါတယ်။

အိန်ဂျလီနာရဲ့အနာဂတ်ရည်မှန်းချက်က နည်းပညာနဲ့ အင်ဂျင်နီယာပညာရပ်ကို သူ့ရဲ့ဖန်တီးမှုစွမ်းရည်နဲ့ ပေါင်းစပ်အသုံးပြုဖို့၊ ဘဝရဲ့စိန်ခေါ်မှုတွေအတွက် လက်တွေ့ကျတဲ့ဖြေရှင်းနည်းတွေကို ဆက်လက်ရှာဖွေဖို့ပါပဲ။