အိပ်မက်တစ်ခုဖြစ်လာခြင်းဟု ဂျိုကိုဗစ် ပြော

အက်စ်တာနာအိုးပင်းမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ အကြိမ်(၉၀)မြောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က အိပ်မက်တစ်ခု တကယ်ဖြစ်လာခြင်းလို့ ပြောကြားလိုက်ပါတယ်။

ဂျိုကိုဗစ်ဟာ အက်စ်တာနာအိုးပင်း ဗိုလ်လုပွဲမှာ ဂရိနိုင်ငံသား ဆစ်စီပက်စ်နဲ့ (၇၅) မိနစ်ကြာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး (၆း၃၊ ၆း၄)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တဲအဗစ် အိုးပင်းမှာလည်း အနိုင်ရခဲ့တဲ့ ဂျိုကိုဗစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၉)ပွဲဆက်တိုက်အနိုင်ရခဲ့တာပါ။ ဒါ့အပြင် အသက် ၃၅ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဂရိတင်းနစ်သမား ဆစ်စီပက်စ်နဲ့ ဆုံတွေ့ခဲ့တဲ့ ၁၀ ကြိမ်မှာ ၈ ကြိမ်မြောက် အနိုင်ရခဲ့တာပါ။

၂၀၂၂ ဟာ စိတ်ကျေနပ်စရာ ကောင်းတဲ့နှစ် တစ်ခုတော့မဟုတ်ခဲ့ပေမယ့် ကစားသမားဘဝ အိပ်မက်တစ်ခုကို တကယ်ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိတယ်လို့ ဂျိုကိုဗစ်က ပြောသွားခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ကို ငြင်းဆန်ထားတာကြောင့် ဂရင်းစလမ်း ပြိုင်ပွဲ တချို့နဲ့ အေတီပီတိုးပြိုင်ပွဲတချို့ကို လွဲချော်ခဲ့ရပါတယ်။