အိန္ဒိယတွင် 5G ကွန်ရက်ကို စတင်အသုံးပြုလာ

အိန္ဒိယနိုင်ငံရှိ တယ်လီကွန်းကုမ္ပဏီများသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိသော ဒစ်ဂျစ်တယ်စီးပွားလုပ်ငန်းအဖြစ် ရပ်တည်ရန် ရည်မှန်းထားသောကြောင့် ယခုလအတွင်း မြို့အများအပြားတွင် 5G ဝန်ဆောင်မှုများ စတင် ပေးဆောင်နေပြီဖြစ်သည်။

အိန္ဒိယသည် အာရှ၏ အင်အားကြီး စီးပွားရေးနိုင်ငံများထဲတွင် 5G ကွန်ရက်ကို ယခုမှ စတင် တပ်ဆင်အသုံးပြုသော နောက်ဆုံးနိုင်ငံဖြစ်သော်လည်း တယ်လီကွန်းကုမ္ပဏီများက 5G ဝန်ဆောင်မှုများကို နိုင်ငံအတွင်း လူအများ အသုံးပြုနိုင်မည့် ဈေးနှုန်းများဖြင့် လျင်မြန်စွာ ပေးဆောင်သွားမည်ဟု ကတိပြုထားသည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီ ရီလိုင်းရန့်စ် အင်ဒက်စထရီစ် ဂျီယိုသည် အောက်တိုဘာ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် နူးဒေလီ၊ မွမ်ဘိုင်း၊ ကိုလ်ကတ္တားနှင့် ဗာရာဏာသီတို့တွင် 5G အစမ်းဝန်ဆောင်မှုများကို စတင်ခဲ့သည်။ ၎င်း၏ ပြိုင်ဘက်ကုမ္ပဏီ ဘာတီ အဲလ်တဲလ်သည်လည်း ၎င်း၏ 5G ဝန်ဆောင်မှုများကို မြို့ကြီးရှစ်မြို့တွင် စတင်ခဲ့သည်။

မြန်နှုန်းမြင့်မိုဘိုင်းအင်တာနက်၏ ပဉ္စမမျိုးဆက်ဖြစ်သည့် 5G သည် 4G ထက် ၁၀ ဆပိုမြန်သည်။ ၎င်း၏ ပိုမိုမြန်ဆန်သော ဒေါင်းလုဒ်ဆွဲအားများနှင့် မြင့်မားသော ဒေတာထုတ်လွှတ်နိုင်စွမ်းတို့သည် အသစ်ပေါ်ထွက် လာသော နည်းပညာများကို လက်ခံ အသုံးပြုနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်ပေသည်။

ဂျီယိုသည် လာမည့်နှစ်ကုန်၌ ၎င်း၏ 5G ဝန်ဆောင်မှုများအား အိန္ဒိယတစ်နိုင်ငံလုံး အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပြီး အဲလ်တဲလ်ကမူ ၂၀၂၄ ခုနှစ်မှ ဂျီယိုကဲ့သို့ လုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်။

ထို့အပြင် ဂျီယိုသည် သုံးစွဲသူ သန်း ခြောက်ရာကျော်ရှိသော အိန္ဒိယဖုန်းဈေးကွက်တွင် 5G အသုံးပြုမှုကို အရှိန်မြှင့်ရန်အတွက် ဂူးဂဲလ်နှင့်ပါ လက်တွဲလျက် ဈေးနည်း 5G စမတ်ဖုန်းများ တီထွင်ထုတ်လုပ်လျက်ရှိသည်။

Source: CNN