အသက်ရှူလိုက်တာနဲ့ ဖုန်းကို Unlock လုပ်ပေးမယ့် Identification နည်းပညာ အသစ်

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖုန်းတွေမှာ Identification နည်းလမ်းများစွာကို ဖန်တီးခဲ့ကြပြီး အဲဒါတွေထဲမှာ Password , Fingerprint , Face Recognition နဲ့ Pattern တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ပညာရှင်တွေက ပိုမို စိတ်ချရတဲ့ Identification နည်းလမ်း အသစ်တွေကို ရှာဖွေနေကြပါတယ်။

Kyushu University နဲ့ University of Tokyo က ဖုန်းတွေကို Unlock လုပ်နိုင်တဲ့ နည်းလမ်း အသစ်ကို တွေ့ရှိခဲ့ပါတယ်။ အသက်ရှူလိုက်တာနဲ့ ဖုန်းက ပိုင်ရှင်ကို သိပြီး Unlock လုပ်ပေးပါတယ်။

အဲဒီ နည်းလမ်းမှာ Electronic Nose ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် ဖုန်းက ပိုင်ရှင် အသက်ရှူထုတ်လိုက်တာကို ဘယ်လို သိနားလည်သလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အသက်ရှူ ထုတ်လိုက်တဲ့အခါ အနည်းဆုံး ကွန်ပေါင်း ၂၈ ခု ပါဝင်ပြီး ပညာရှင်တွေက 16 Channel Odor Sensor ကို အသုံးပြုထားပါတယ်။ Channel ၁ ခုချင်းစီက အနံ့များစွာကို ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် Machine Learning ကို အသုံးပြုကာ လူတွေရဲ့ အသက်ရှူထုတ်လိုက်တဲ့အခါ ပါတဲ့ ဓါတု ဓါတ်ပေါင်းတွေကို ခွဲခြားစစ်ဆေးပါတယ်။

အံ့အားသင့်စရာကောင်းတာက တိကျမှုဟာ ၉၇.၈ ရာခိုင်နှုန်း ရှိပါတယ်။ နှိုင်းယှဉ်ရရင် Facial Recognition ရဲ့ တိကျမှုက ၉၉.၉၇ ရာခိုင်နှုန်းနဲ့လက်ဗွေရာက ၉၈.၆ ရာခိုင်နှုန်း ရှိပါတယ်။

အခု နည်းလမ်းအသစ်ကို သုတေသနပြုလုပ်ထားတဲ့ ပမာဏဟာ အရမ်း နည်းပါးပါသေးတယ်။ အဲဒီအတွက် စိတ်ချယုံကြည်လို့ မရသေးပါဘူး။ အနာဂတ်မှာတော့ ဒီနည်းပညာဟာ ပိုမိုတိုးတက်လာပြီး ဖုန်းတွေအတွက် Identification နည်းလမ်း အသစ် အဖြစ် သုံးနိုင်လာတော့မှာပါ။

Ref : gizchina