Nations League ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မှုကြောင့် အီတလီအသင်း ဂုဏ်သိက္ခာနှင့် ယုံကြည်မှုသာမက ငွေကြေးအကျိုးအမြတ်လည်းရှိခဲ့

Nations League ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အီတလီလက်ရွေးစင်အသင်းအနေဖြင့် ဂုဏ်သိက္ခာနှင့် ယုံကြည်မှုရရှိရုံသာမက ငွေကြေးအကျိုး အမြတ်လည်းများစွာရှိခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အီတလီအသင်းသည် ဂျာမနီ၊ အင်္ဂလန်၊ ဟန်ဂေရီအသင်းများနှင့်အတူ Group of Death (မရဏအုပ်စု)တွင် ကျရောက်ခဲ့ပြီး စက်တင်ဘာလ (၂၆)ရက်က ယှဉ်ပြိုင်ကစားခဲ့သော အုပ်စုနောက်ဆုံးပွဲတွင် ဟန်ဂေရီအသင်းကို (၂-ဝ) ဂိုး ဖြင့် အနိုင်ယူကာ  ရမှတ်(၁၁)မှတ်ဖြင့် အုပ်စုပထမနေရာ ရရှိခဲ့သည်။

La Gazzetta dello Sport က အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) သည် အုပ်စုပထမနေရာရရှိမှုကြောင့် အပိုဆုကြေး ယူရို (၄.၅) သန်းအပါအဝင် ယူရို (၁၀.၅)သန်းအထိ ရရှိခဲ့သည်ဟု ရေးသားခဲ့သည်။

ထို့ပြင် အီတလီအနေဖြင့် နယ်သာလန်၊ ခရိုအေးရှား၊ စပိန်အသင်းများနှင့် လာမည့်နှစ်ဇွန်လတွင် ယှဉ်ပြိုင်ရမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲ ရပ်တည်မှု အပေါ် မူတည်ပြီး ဆုကြေးထပ်မံရရှိ ဦးမည်ဖြစ်သည်။

Nations League ပြိုင်ပွဲတွင် ချန်ပီယံအသင်းကို ယူရို (၆.၅)သန်း၊ ဒုတိယအသင်းကို ယူရို (၄.၅)သန်း၊ တတိယအသင်းကို ယူရို (၃.၅)သန်း၊ စတုတ္ထအသင်းကို ယူရို (၂)သန်းချီးမြှင့်မည်ဟု တရားဝင်ကြေညာထားသည်။

အီတလီအသင်းသည် ပထမဆုံးအကြိမ်ကျင်းပသည့် ၂၀၁၈-၁၉ Nations League ပြိုင်ပွဲတွင် အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသော်လည်း ၂၀၂၀-၂၁ ပြိုင်ပွဲတွင် နောက်ဆုံးအဆင့် (၄)သင်းပြိုင်ပွဲအထိ တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် စပိန်အသင်းကို အရေးနိမ့်ခဲ့သော်လည်း တတိယနေရာလုပွဲ၌ ဘယ်လ်ဂျီယံကို အနိုင်ယူခဲ့သည်။

Elevensport