အက်ပဲလ်က iPhone14 ကို တရုတ်ကနေ အိန္ဒိယမှာ ပြောင်းပြီးထုတ်

အက်ပဲလ်က သူတို့ရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း၁၄ ကို တရုတ်မှာ မထုတ်တော့ဘဲ အိန္ဒိယမှာ စပြီးထုတ်လုပ်နေပြီလို့ ပြောပါတယ်။

အက်ပဲလ်က သူတို့ရဲ့ ဖုန်းအများစုကို တရုတ်မှာ ထုတ်လုပ်နေခဲ့ပေမဲ့ အခု တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေးတင်းမာမှုတွေ တိုးလာချိန်မှာတော့ ထုတ်လုပ်ရေးလုပ်ငန်းတချို့ကို တရုတ်ပြည်ပြင်ပကို ရွှေ့ပြောင်းပြီး လုပ်လာတာပါ။ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့ ကပ်ရောဂါကြီးဖြစ်လာပြီး တရုတ်ကလည်း သူ့ပြည်တွင်းမှာ ကိုဗစ်လုံးဝကင်းစင်ရေး မူချပြီး လော့ခ်ဒေါင်းချပိတ်ဆို့ ကန့်သတ်မှုတွေအများကြီး လုပ်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းရပ်တန့်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။

အက်ပဲလ်က သူတို့ အခုနောက်ဆုံးထုတ်လုပ်မယ့် အိုင်ဖုန်းကို ဒီလဆန်းက မိတ်ဆက်ထုတ်ပြခဲ့ပါတယ်။

“အိုင်ဖုန်း၁၄ မှာ နောက်ဆုံးထွက် နည်းပညာအသစ်အဆန်းတွေနဲ့ အရေးပါတဲ့ လုံခြုံရေးစွမ်းဆောင်ရည်တွေ ပါဝင်ပါတယ်။ အိုင်ဖုန်း၁၄ ကို အိန္ဒိယမှာ ထုတ်လုပ်ရမှာဖြစ်တဲ့အတွက် ဝမ်းမြောက်စိတ်လှုပ်ရှားပါတယ်” လို့ အက်ပဲလ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။အက်ပဲလ်ဖုန်းတွေအများစုကို ထုတ်လုပ်ပေးတဲ့ ထိုင်ဝမ်အခြေစိုက် Foxconn ကုမ္ပဏီက အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ ၂၀၁၇ ကတည်းက လုပ်ငန်းဖွင့်လှစ်ထားပြီး အစောပိုင်းထုတ် အိုင်ဖုန်းတွေအတွက် ကိုယ်ထည်တွေကို အဲဒီကနေ ထုတ်လုပ်ပေးနေပါတယ်။အခုတော့ အက်ပဲလ်က သူတို့ရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း၁၄ ကို အိန္ဒိယကနေ ထုတ်လုပ်မယ်ဆိုပြီး ခြေလှမ်းကြီး တစ်ခု စလှမ်းလိုက်တာပါ။

အိန္ဒိယစျေးကွက်ကို မျက်စိကျ

အိန္ဒိယမှာ ထုတ်လုပ်ရေးလုပ်ငန်းကို စလိုက်တာဟာ အက်ပဲလ်အနေနဲ့ အဲဒီမှာ စျေးကွက်ချဲ့ဖိုလည်း စိတ်ကူးရှိကြောင်းပြလိုက်တာပါ။ မနှစ်ကတော့ အိန္ဒိယစျေးကွက်ရဲ့ ၄ ရာခိုင်နှုန်းပဲ အက်ပဲလ်ဖုန်းတွေ ရထားပါတယ်။အိန္ဒိယစမတ်ဖုန်း စျေးကွက်မှာ စျေးပိုသက်သာတဲ့ တရုတ်နဲ့ တောင်ကိုရီးယားထုတ်ဖုန်းတွေက ဝေစုအများစု ရထားပါတယ်။

အခုလည်း အိန္ဒိယမှာ ထုတ်လုပ်မယ်ဆိုပေမဲ့ ဖုန်းတွေရဲ့ စျေးနှုန်းက ပိုသက်သာသွားဖို့ သိပ်မရှိပါဘူး၊ ဖုန်းမှာသုံးတဲ့ ပစ္စည်းတွေ တင်သွင်းဖို့ ပေးရတဲ့ တင်သွင်းခွန်က မြင့်ပြီး တခြား အခွန်တွေလည်း ပေးရမှာဖြစ်လို့ပါ။အိန္ဒိယပြည်သူတွေက အိန္ဒိယတွင်လုပ်သည်ဆိုတဲ့ စာသားနဲ့ အိုင်ဖုန်းတွေ ပိုင်ဆိုင်ချင်ကြမှာ ဖြစ်ပေမဲ့ ဖုန်းရဲ့တန်ဖိုးကတော့ ကြီးကြီးမားမားပေးပြီးမှ ကိုင်နိုင်ကြမှာပါ။

အိန္ဒိယမှာ အိုင်ဖုန်းထုတ်လုပ်မှုတွေ တိုးမြှင့်မယ်ဆိုတဲ့ သတင်းက ဝန်ကြီးချုပ် နာရင်ဒရာမိုဒီအတွက်တော့ အောင်ပွဲဖြစ်ပါလိမ့်မယ်။သူ့အစိုးရက လွန်ခဲ့တဲ့ ရှစ်နှစ်ကပဲ အိန္ဒိယတွင်လုပ်သည် ဆိုတဲ့အမည်နဲ့ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး စီမံချက်ကို စပြီး လုပ်ခဲ့ပါတယ်။

ထိုင်ဝမ်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ တိုးလာချိန်မှာပဲ အက်ပဲလ်က သူတို့ရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုတွေမှာ အပြတ်အတောက်မရှိရအောင် ကုန်ထုတ်စခန်းတွေကို နေရာစုံကရွှေ့ပြီး လုပ်ဆောင်လာတာပါ။ဒီလအစောပိုင်းကပဲ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးတစ်ခုဖြစ်တဲ့ ဂျေပီမော်ဂန်က စျေးကွက်လေ့လာသုတေသနပြုသ ူတွေက အက်ပဲလ်ဟာ သူတို့ရဲ့ အိုင်ဖုန်းထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းကို ဒီနှစ်ထဲမှာပဲ အိန္ဒိယကို ရွှေ့လိမ့်မယ်လို့ မျှော်လင့်ကြောင်း ခန်မှန်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အက်ပဲလ်ရဲ့ ဖုန်းပစ္စည်းထုတ်လုပ်ပေးသူ Foxconn က ဗီယက်နမ်မှာ ဒေါ်လာ သန်းတစ်ထောင့်ငါးရာဖိုး ရင်းနှီးမြှပ်နှံမှုတွေလုပ်ခဲ့ပါတယ်။ တစ်ခါ အဲဒီကုမ္ပဏီကပဲ ပြီးခဲ့တဲ့လက နိုင်ငံမြောက်ပိုင်းက သူတို့စက်ရုံမှာ ဖုန်းထုတ်လုပ်မှုတိုးချဲ့ဖို့ နောက်ထပ် ဒေါ်လာ သန်း၃၀၀ ဖိုး စာချူပ် ချုပ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရသတင်းမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

-Ref:BBC