သမ္မတဟောင်း Trump လိမ်လည်မှုနဲ့ တရားစွဲခံရ

အမေရိကန်သမ္မတဟောင်း Donald Trump နဲ့ သားသမီး ၃ ဦးကို လိမ်လည်မှုနဲ့ New York ပြည်နယ်ရှေ့နေချုပ်ရုံးက တရားစွဲလိုက်ပါတယ်။

နယူးယောက်ပြည်နယ် တရားသူကြီးချုပ် Letitia James က သမ္မတဟောင်း Trump ရဲ့မိသားစုစီးပွားရေးလုပ်ငန်းအနေနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို ဆယ်နှစ်ကျော်ကြာ ဒေါ်လာဘီလျံချီ ပိုတိုးသတ်မှတ် လိမ်လည်ခဲ့တယ် လို့ စွပ်စွဲပြီး စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ သမ္မတဟောင်း Trump အနေနဲ့ ငွေချေးတာနဲ့ အာမခံလုပ်ရာမှာ အကျိုးအမြတ်အသာစီးရဖို့ သူပိုင်အိမ်နဲ့ မြေယာတွေရဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို အများကြီး ချဲ့ကားဖော်ပြပြီး တဘက်မှာတော့ အကောက်ခွန်လျှော့ပေးဖို့ ဒီတန်ဖိုးတွေကို ပြန်လျှော့ဖော်ပြခဲ့တယ်လို့ စာမျက်မှာ ၂၂၀ ပါတဲ့ ဒီအမှုတွဲထဲ ဖော်ပြထားပါတယ်။

အခုလို လိမ်လည်ခဲ့တာတွေကြောင့် Mr. Trump အနေနဲ့ အမေရိကန် ဒေါ်လာသန်းပေါင်း ၂၅၀ အထိ မတရား အကျိုးအမြတ်တွေရခဲ့တာကြောင့် ဒီငွေတွေကို Trump Organization၊ Trump စီးပွားရေးလုပ်ငန်း အဖွဲ့ကြီးက ပြန်လျော်ပေးဖို့ပါ တောင်းဆိုထားပါတယ်။ လိမ်လည်မှုတွေကို ပါဝင်ကျူးလွန်ခဲ့တယ်လို့ဆိုပြီး Trump အပြင် အရွယ်ရောက်ပြီးသားသမီးတွေဖြစ်တဲ့ Donald Jr. ၊ Ivanka နဲ့ Eric တို့ကိုလည်း တရားစွဲပါတယ်။ သူတို့ဟာ Trump မိသားစုစီးပွားရေးလုပ်ငန်းကြီးထဲ အရေးပါတဲ့တာဝန်တွေကို ယူထားကြသူတွေဖြစ်ပါတယ်။

Trump နဲ့ သားသမီး ၃ ယောက်ကို New York ပြည်နယ်ထဲမှာ စီးပွားရေးလုပ်ငန်းလုပ်ခွင့် တားမြစ်ဖို့လည်း ပြည်နယ် တရားသူကြီးချုပ် Letitia James ကတောင်းဆိုထားပါတယ်။ ပြည်နယ်တရားရုံးချုပ်က တရားမမှုနဲ့သာ တရားစွဲလို့ရပေမယ့် Trump နဲ့မိသားစုဟာ ပြည်နယ်ရဲ့ရာဇဝတ်မှုတော်တော်များများကို ချိုးဖောက် ထားသလို ပြည်ထောင်စုဆိုင်ရာရာဇဝတ်မှုတွေကို ချိုးဖောက်ရာရောက်သလားဆိုတာ တရားရေးဌာနနဲ့ အကောက်ခွန်ဌာန တို့က စုံစမ်းပေးဖို့ အကြံပြုထားတယ်လို့ ပြည်နယ် ရှေ့နေချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ Trump ဘက်ကတော့ သူ့အပေါ် နိုင်ငံရေးအရ ခုလိုလုပ်တာလို့ တုံ့ပြန်ထားပါတယ်။

-Ref:VOA