တင်းနစ်လောကကနေ အနားယူတော့မယ်လို တင်းနစ်ဂန်နဝင် ဖက်ဒရာ ကြေညာ

တင်းနစ်လောကကနေ အနားယူတော့မယ်လို တင်းနစ်ဂန်နဝင် ရော်ဂျာဖက်ဒရာက ကြေညာခဲ့ပါတယ်။ ဖက္ဒရာဟာ အခုလအတွင်း လန်ဒန်မှာ ကျင်းပမယ့်  Laver Cup ပြိုင်ပွဲပြီးရင် ထိပ်တန်းအဆင့် တင်းနစ်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။

ဂရန်းစလင်းဆုဖလား အကြိမ် ၂၀ ဆွတ်ခူးခဲ့တဲ့ ဖက္ဒရာဟာ ၂၀၂၁ ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲအပြီးမှာ တတိယမြောက် ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့ရပြီးနောက်ပိုင်း အနားယူနေရသူ ဖြစ်ပါတယ်။ ” နောက်ပိုင်းကျတော့ ခန္ဓာကိုယ်က ကျွန်တော့်ကို ထင်ထင်ရှားရှား အချက်ပြလာတယ်။ ၂၄ နှစ်ကျော်ကာလအတွင်း ကျွန်တော်ကစားခဲ့တဲ့ ပွဲပေါင်း ၁၅၀၀ ကျော် ရှိတယ်လေ။ အခုတော့ ပြိုင်ပွဲဝင် ကစားသမားဘဝကို အဆုံးသတ်တဲ့ အချိန်ကျပါပြီ။ တင်းနစ်အားကစားကို ကျွန်တော် မြတ်နိုးပါတယ်။ ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ပါဘူး” လို အသက် ၄၁ နှစ်အရွယ် ဆွစ်ဇာလန်တင်းနစ်သမား ဖက္ဒရာက ဆိုပါတယ်။

ဖက္ဒရာဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဒူးဒဏ်ရာကြောင့် ၂၀၂၀ နောက်ပိုင်း ဂရန်းစလင်းပြိုင်ပွဲ ၁၁ ကြိမ်အနက် ပြိုင်ပွဲ ၃ ကြိမ်ပဲ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ ကမ်ဘာ့အဆင့်(၁) နေရာကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တဲ့ ဖက်ဒရာဟာ ATP Tour ရဲ့ ထိပ်ခေါင်ကစားသမားအဖြစ် သီတင်းပတ် ၃၁၀ ကြာ ရပ်တည်ပြီး စံချိန်တင် (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဂျိုကိုဗစ်က အဲဒီစံချိန်ကို ချိုးဖျက်) ခဲ့သူပါ။