ပရီးမီးယားလိဂ်ပွဲစဉ်များ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများ စိုးရိမ်နေ

ပရီးမီးယားလိဂ်ပွဲစဉ်များ လာမည့်တစ်ပတ်အထိ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများက စိုးရိမ်ပူပန်နေကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက သုံးသပ်ဖော်ပြသည်။

ဗြိတိန်ထီးနန်းအား နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သည့် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇလက် နတ်ပြည်စံသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗြိတိန်ကျွန်းစုနိုင်ငံများဖြစ်သော အင်္ဂလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယာလန်နှင့် စကော့တလန် နိုင်ငံရှိ ဘောလုံးပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအားလုံးနီးပါးကို ယခုတစ်ပတ်တွင် ကျင်းပခြင်းမရှိဘဲ ရွှေ့ဆိုင်းထားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲအနေဖြင့် သောကြာနေ့က လန်ဒန်မြို့၌ အစည်းအဝေးပြုလုပ်ပြီးနောက် ယခုတစ်ပတ်ယှဉ် ပြိုင်ကစားမည့် ပွဲစဉ် (၇)ကို ရွှေ့ဆိုင်းရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လာမည့်တစ်ပတ်တွင် ပွဲစဉ်များကို ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်ရန် ရည်ရွယ်ထားသော်လည်း ဘုရင်မကြီး၏ စျာပနအခမ်းအနားအား စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည် ဖြစ်သောကြောင့် ထပ်မံရွှေ့ဆိုင်းရမည့်အခြေအနေ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဗြိတိန်အစိုးရက အားကစား ပြိုင်ပွဲများ ကျင်းပခြင်းအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပြုထားသော်လည်း စျာပနအခမ်းအနားပြုလုပ်ပါက လုံခြုံရေး အတွက် ရဲတပ်ဖွဲ့အင်အား (အထူးသဖြင့် လန်ဒန်မြို့တွင်) အများအပြား ချထားရမည်ဖြစ်သောကြောင့် ဘောလုံးပွဲစဉ်များအတွက် လုံခြုံရေးတာဝန်ယူမည့်အရေအတွက် လျော့နည်း သွားဖွယ် ရှိနေခြင်းဖြစ်သည်။  Eleven