ကော့ကရိတ်မြို့တွင်း ညမထွက်ရအချိန် တိုးမြှင့်အမိန့်ထုတ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် လုံခြုံရေးအခြေအနေအရ ညမထွက် ရအမိန့်ကို ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ယခင်က သတ်မှတ်ထားသည့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ယခုအခါ ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိဟု ပြောင်း လဲသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ညမထွက်ရအမိန့် ကြေညာထားသည့် ကာလအတွင်း မည်သူမဆို စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်းနှင့် ဆန္ဒပြခြင်းများ လုပ်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တားမြစ်နယ်မြေအဖြစ် မြဝတီမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့ကိုလည်း ထည့်သွင်းသတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်ထဲတွင် ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ဆန္ဒပြမှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများကို လုပ်ဆောင်လာခဲ့ကြောင်း၊ ၂၀၂၂ ခု နှစ် သြဂုတ် ၁၅ ရက်ကလည်း ကော့ကရိတ်မြို့ နယ်အတွင်း လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းများသည် လုံခြုံရေးကို ထိခိုက်စေ သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ပဋိပက္ခနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့်ရခြင်း ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့ဝင် များနှင့် PDF များက ကော့ကရိတ်ခရိုင်ရဲရုံး အပါအဝင် အထွေထွေအုပ်ချုပ်ရေးရုံးကို သြဂုတ် ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့် သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။ Eleven