ရန်ကုန်တွင် စံချိန်တင်အဖြစ် ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ်လာပြီး ယခင်စျေးနှုန်းများထက် ပျမ်းမျှ ကျပ် ၇၀ ကျော်မြင့်တက်လာ

ရန်ကုန်တွင် စံချိန်တင်အဖြစ် ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ် လာပြီး ယခင်စျေးနှုန်းများထက် ပျမ်းမျှ ကျပ် ၇၀ ကျော်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။သြဂုတ် ၃၀ ရက်တွင် ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၅၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ယခင်ရက်များက ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ သြဂုတ် ၂၆ ရက်တွင် ၉၂ တစ်လီတာ ၂၄၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၅၇၀ ကျပ်၊ ရိုးရိုးဒီဇယ်မှာ ကျပ် ၃၂၂၅၊ ပရီမီယံဒီဇယ်မှာ ၃၃၀၅ ကျပ်ဖြစ်သည်။သြဂုတ် ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်များတွင် စက်သုံးဆီစျေးများမှာ အတက်အကျမရှိခဲ့ဘဲ စျေးနှုန်းငြိမ်သက်နေရာမှ သြဂုတ် ၃၀ ရက်တွင် စျေးများမြင့်တက်လာခြင်းဖြစ်သည်။

သြဂုတ် ၇ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းဟု ဆိုနိုင်သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၁၆၁၅ ကျပ်၊ ၉၅ တစ်လီတာ ၁၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကျပ် ၁၉၇၀ ဖြစ်သည်။ ယင်းနောက်တွင် စက်သုံးဆီစျေးနှုန်းများမှာ ဆက်တိုက်မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။စက်သုံးဆီစျေးနှုန်းများမှာဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ သို့ တိုးမြှင့်သတ် မှတ်လိုက်ပြီးနောက်စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ်က ငွေလဲနှုန်းကို ကျပ် ၂၁၀၀ သို့ တိုးမြှင့်လိုက်ရာ လေးလကျော်ကြာ သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကိုပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံ၊ မလေး ရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းမှ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန်ပေါင်း ၁၃ သိန်းခန့်ချနေပြီး ရက်ပိုင်းအတွင်း စက်သုံးဆီသင်္ဘော ၁၂ စင်းခန့် ထပ်မံဝင်ရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။အလားတူ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ် ယူရန် စီစဉ်နေပြီး စက်သုံးဆီ ဝယ်ယူရေးနှင့် ဖြန့်ဖြူးရေး ကော်မတီကို ဖွဲ့စည်းထားကာ ရုရှားနိုင်ငံမှ စက်သုံးဆီများ သြဂုတ်လကုန်ပိုင်းတွင် ရောက်ရှိလာမည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။ Eleven