ဘန်ဇီမာမှာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သလို မိမိအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက်ဟု အန်ဆယ်လော့တီ ချီးကျူး

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက မိမိအသင်းတိုက်စစ်မှူး ဘန်ဇီမာမှာ အဝတ်လဲခန်းအတွင်း၌ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သလို မိမိအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့သည်။

ကြာသပတေးနေ့ကပြုလုပ်သည့် ၂၀၂၁ -၂၀၂၂ ရာသီ UEFA အကောင်းဆုံးဆုချီးမြှင့်ပွဲတွင် အန်ဆယ်လော့တီက အကောင်းဆုံးနည်းပြဆုနှင့် ဘန်ဇီမာက အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိခဲ့ပြီး ဆုလက်ခံရယူပြီးနောက် ၎င်းက ယခုလို ချီးကျူးခဲ့ခြင်း ဖြစ်သည်။

“ကာရင် (ဘန်ဇီမာ) က ထိပ်တန်း ဂိုးသွင်းသူတစ်ယောက်၊ အံ့မခန်းလောက်အောင်ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်ရုံတင်မဟုတ်ပါဘူး။ သူက အရမ်းတော်တဲ့ ဘောလုံးသမားတစ်ယောက်ပါ။ သူ့ရဲ့ အားထုတ်မှုတွေက နေ့စဉ်နဲ့အမျှ ပိုပြီးကောင်း လာပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်လိုက်ရင် ဒီနှစ်မှာ သူ့ရဲ့ဗဟုသုတွေက တိုးတက်လာပြီး ပွဲအကြောင်းကိုလည်း သူက ကောင်းကောင်း သိပါတယ်။ သူက ပွဲတစ်ပွဲကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ သိပါတယ်။ သူက အဝတ်လဲခန်းထဲမှာ ကြံ့ခိုင်သန်မာတဲ့ ခေါင်းဆောင်တစ်ဦးပါ။ ကျွန်တော့်အတွက်လည်း မိတ်ဆွေကောင်း တစ်ယောက်ပါပဲ။ ကျွန်တော်တို့ဆီမှာ ကာရင် ရှိနေတာ အရမ်းကံကောင်းပါတယ်” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

ဘန်ဇီမာ (၃၄ နှစ်) သည် ရီးယဲလ်မက် ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်ဆွတ်ခူးရရှိထားသော်လည်း UEFA အကောင်းဆုံးကစားသမားဆုကိုမူ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်သည်။ ထို့ပြင် ၎င်းသည် ယခုနှစ်အတွက် Ballon d’Or ဆုရရှိရန်လည်း ရေပန်းအစားဆုံးဖြစ်နေသည်။