မန်ယူနှင့်ကစားမည့် အဝေးကွင်းပွဲစဉ်မှာ ခက်ခဲမည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ် ပြောကြား

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မန်ယူအသင်းနှင့် ယှဉ်ပြိုင်ရမည့် အဝေးကွင်းပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ပြောကြားသည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် ယနေ့ညတွင် မန်ယူအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲတွင် ဘရိုက်တန်ကို (၁-၂) ဂိုး၊ ဘရန့်ဖို့ဒ်ကို (ဝ-၄) ဂိုးဖြင့် နှစ်ပွဲစလုံး ရှုံးနိမ့်ထားပြီး လီဗာပူးလ်မှာမူ ဖူလ်ဟမ်ကို (၂-၂) ဂိုး၊ ခရစ္စတယ်ပဲလေ့စ်ကို (၁-၁)ဂိုးဖြင့် နှစ်ပွဲစလုံး သရေကျထားသည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာ သီက မန်ယူအသင်းကို ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် (၅-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း မန်ယူအသင်းနှင့်ကစားရသည့် အဝေးကွင်းပွဲစဉ်တိုင်းမှာ ခက်ခဲလေ့ရှိကြောင်း နည်းပြ ကလော့ပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က “ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဟာ အခုအချိန်မှာတော့ အကူအညီမဖြစ်တော့ပါဘူး။ အဲဒီရလဒ်တွေကို မန်ယူအသင်းကို စိတ်ခွန်အားပေးသလိုတောင် ဖြစ်နိုင်ပါတယ်။ အခုအခြေအနေတွေက ပြီးခဲ့တဲ့ရာသီကနဲ့ ကွာခြားပါတယ်။ မန်ယူအသင်းက အပြောင်းအလဲတွေ ဖြစ်ပေါ်ထားပြီး ပြင်ဆင်မှုတွေလည်း ပြုလုပ်နေပါတယ်။ မန်ယူနဲ့ပွဲက ခက်ခဲမှာပါ။ ဘာလို့လဲဆိုတော့ မန်ယူနဲ့ ကစားရတဲ့ အဝေးကွင်းပွဲစဉ်တိုင်းက မလွယ်ကူလို့ပါပဲ။ မန်ယူ-လီဗာပူးလ်ပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြမှာဖြစ်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ” ဟု ပြောကြားသည်။  Eleven