ကင်ညာ သမ္မတရွေးကောက်ပွဲ ဝီလီယမ် ရူတို အနိုင်ရ

ဒရာမာဆန်တဲ့ အခြေအနေတွေကြားမှာပဲ ကင်ညာ သမ္မတ ရွေးကောက်ပွဲကို ဒုတိယ သမ္မတ ဝီလီယမ် ရူတိုက အနိုင်ရရှိကြောင်း ကြေညာခဲ့ပါတယ်။ သူက ထောက်ခံမဲ ၅၀ ဒဿမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြိုင်ဘက် ရိုင်လာအိုဒင်ဂါ ကို အနိုင်ရရှိခဲ့ကြောင်း တရားဝင် ရလဒ်တွေက ပြသခဲ့ပါတယ်။

မစ္စတာ အိုဒင်ဂါမဲဆွယ်အဖွဲ့က မဲလိမ်လည်မှု စွပ်စွဲမှုတွေရှိခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေခဲ့လို့ မဲစာရင်း ကြေညာမှုနောက်ကျခဲ့ပါတယ်။ ပွင့်လင်းမှု မရှိတာကြောင့် ရလဒ်ကို မထေက်ခံနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၇ ဦးအနက် လေးဦးက ပြောကြားပါတယ်။

“ အထွေထွေ ရွေးကောက်ပွဲရဲ့ နောက်ဆုံးအပိုင်းရဲ့ ပွင့်လင်းမှု မရှိတဲ့သဘောသဘာဝကြောင့် အခုကြေညာတော့မယ့် ရလဒ်ကို ကျွန်‌မတို့ တာဝန်မခံနိုင်ပါဘူး။ ကျွန်မတို့က ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်မှု လုပ်သွားပါမယ်။ အေးဆေး တည်ငြိမ်စွာနေကြဖို့ ကျွန်မတို့ ထပ်မံတိုက်တွန်းပါတယ် “လို့ ရွေးကောက်ပွဲကော်မရှင်ဒုတိယ ဥက္ကဌ မစ္စ ဂျူလီယာနာ ချာရီရာ က ပြောကြားပါတယ်။

မစ္စတာ အိုဒင်ဂါ ရဲ့ ပါတီကိုယ်စားလှယ်ကလည်း ရွေးကောက်ပွဲမှာ မှုမမှန်တာတွေနဲ့ မှားယွင်းစီမံခန့်ခွဲတာတွေ ရှိခဲ့တယ်လို့ စောစောပိုင်းမှာ စွပ်စွဲပြောကြားပါတယ်။

ဒုတိယ သမ္မတ တာဝန်ကို ဆယ်နှစ်ကြာထမ်းဆောင်ခဲ့တဲ့ မစ္စတာ ရူတို ၅၅ နှစ် က ပထမဆုံး အကြိမ် သမ္မတနေရာကို ယှဉ်ပြိုင်တာ ဖြစ်ပေမယ့် သမ္မတ အူဟူရူ ကင်ယက်တာ နဲ့ မသင့်မြတ်တော့လို့ သူ့ရဲ့ ထောက်ခံမှု မရခဲ့ဘဲ သမ္မတ ကင်ယက်တာက မစ္စတာ အိုဒင်ဂါကို ဆက်ခံသူ အဖြစ် ထောင်ခံချက်ပေးခဲ့ပါတယ်။

ထောက်ခံမဲ ၄၈ ဒဿမ ၈ ရာခိုင်နှုန်း ရခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အိုဒင်ဂါ ၇၇ နှစ်က ငါးကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲဝင်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဝါဖူလာ ချီဘူကာတီ က မိမိအနေနဲ့ ခြိမ်းခြောက်မှုတွေ ရရှိခဲ့ပေမယ့် တာဝန်ကျေပွန်အောင်လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားပါတယ်။

“ကင်ညာနိုင်ငံသားတွေ လွတ်လပ် တရားမျှတပြီး ယုံကြည်စိတ်ချနိုင်တဲ့ ရွေးကောက်ပွဲ တစ်ရပ် ရရှိရေး သေချာဖို့ ကျွန်တော်တို့ ခရီးရှည်ကြီးတစ်ခုကို လျောက်လှမ်းခဲ့ပြီး ဒီခရီးက မလွယ်ကူခဲ့ပါဘူး” ကော်မရှင်ဥက္ကဋ္ဌ က ပြောကြားပါတယ်။ -Ref: BBC