ယခုရာသီ ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမား ၁၅ ဦးအထိ သွားရောက်ကစားနေပြီး ထိုင်းလိဂ်-၁ နှင့် ထိုင်းလိဂ်-၂ ပြိုင်ပွဲများ စတင်
၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများသို့ သွားရောက်ကစားနေသည့် မြန်မာကစားသမားအရေအတွက်မှာ ၁၅ ဦး အထိ ရှိပြီး ထိုင်းလိဂ်-၁ နှင့် ထိုင်းလိဂ်-၂ ပြိုင်ပွဲများကို ယခုတစ်ပတ် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် မြန်မာကစားသမား ငါးဦး၊ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် မြန်မာကစားသမားခုနစ်ဦး၊ ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် မြန်မာကစားသမားသုံးဦး သွားရောက်ကစားနေခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ်- ၁ ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူးအောင်သူက ဘူရီရမ်အသင်း၊ နောက်ခံလူဇော်မင်းထွန်းက ချောင်ဘူရီအသင်း၊ တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်က လမ်ဖွန်အသင်း၊ နောက်တန်း ညာအစွန်ကစားသမား ဟိန်းဖြိုးဝင်းက ရတ်ချာဘူရီ၊ ဂိုးသမား မျိုးမင်းလတ်က ရတ်ချာဘူရီအသင်း တွင် သွားရောက်ကစားနေခြင်း ဖြစ်သည်။
ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်က နာခွန်ဆီအသင်း၊ နောက်ခံလူ စိုးမိုးကျော်က ကာဆက်ဆက်အသင်း၊ တိုက်စစ်ကစားသမား ဆွမ်လမန်က ကရာဘီအသင်း၊ ကွင်းလယ်လူ လွင်မိုးအောင်က ရရောင်းအသင်း၊ တိုက်စစ်မှူး အောင်ကောင်းမာန်က အူဒုံထာနီအသင်း၊ နောက်ခံလူ ငြိမ်းချမ်းက ရနောင်းအသင်း၊ တိုက်စစ်မှူး အောင်ကျော်နိုင်က ရနောင်းအသင်းတွင် သွားရောက်ကစားလျက်ရှိသည်။
ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် တိုက်စစ်မှူး သန်းပိုင်က ကန်ချနာဘူရီအသင်း၊ တောင်ပံတိုက်စစ်ကစားသမား ကောင်းထက်စိုးက ကမ်ဖမ်ဖတ်အသင်း၊ ကွင်းလယ်လူ ရန်လင်းအောင်က ကမ်ဖမ်ဖတ်အသင်းတွင် သွားရောက် ကစားနေသည်။ ထိုင်းလိဂ်ပြိုင်ပွဲများအတွက် ရာသီကြိုအပြောင်းအရွှေ့ကာလကို မေ ၂၅ ရက်မှ သြဂုတ် ၉ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အပြောင်းအရွှေ့ကာလ ပိတ်သွားပြီဖြစ်သည်။
ဒုတိယအကျော့အတွက် ရာသီဝက်အပြောင်းအရွှေ့ကာလကို ဒီဇင်ဘာ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်တွင် ပိတ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ရာသီ ထိုင်းလိဂ်-၁နှင့် ထိုင်းလိဂ် -၂ ပြိုင်ပွဲများ၏ ပွဲစဉ် (၁) ကို ပြီးခဲ့သည့် သြဂုတ် ၁၂၊ ၁၃၊ ၁၄ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။ ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမား ငါးဦးအနက် ဟိန်းဖြိုးဝင်းတစ်ဦးသာ ပါဝင်ကစားခွင့်ရခဲ့ပြီး အောင်သူ၊ ဇော်မင်းထွန်း၊ မျိုးမင်းလတ်တို့မှာ ကစားခွင့် ပျောက်ဆုံးကာ မောင်မောင်လွင်မှာမူ ဒဏ်ရာကြောင့် အနားယူနေရသည်။
ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမားခုနစ်ဦးအနက် စိုးမိုးကျော်၊ ဆွမ်လမန်၊ ငြိမ်းချမ်းနှင့် အောင်ကောင်းမာန်တို့ လေးဦးသာ ကစားခွင့်ရခဲ့ပြီး အောင်ကောင်းမာန်မှာ အူဒုံထာနီအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ Eleven