ထိုင်းနိုင်ငံတွင် အကျဉ်းသားပေါင်း ၁ သိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
လက်ရှိ ထိုင်းဘုရင် ဝဇီရာလောင်ကွန်းရဲ့ အသက် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ဘုရင့်မယ်တော် သီရီခေတ်ရဲ့ အသက် ၉၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ် လည်းကောင်း အကျဉ်းသားပေါင်း ၁ သိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ ချနယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘုရင်ကြီးရဲ့ ၇၀ နှစ်ပြည့်မွေးနေ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ ကျရောက်ပြီး မယ်တော်သီရီခေတ်ရဲ့ နှစ် ၉၀ ပြည့်မွေးနေ့ကတော့ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်ကာ မယ်တော်မွေးနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့တဲ့ ထိုင်းမိခင်များနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့တာပါ။ ဒီနှစ်လွတ်ငြိမ်းချမ်းသာခွင့်မှာ ထောင်ထဲကနေ လုံးဝထွက်ခွင့်ရသူ ၂၂၈၂၂ ဦး ၊ ပြစ်ဒဏ် လျှော့ပေါ့ခွင့်ရသူ ၈၀၇၉၁ ဦးရှိပြီး စုစုပေါင်း ၁၀၃၆၁၃ ဦးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီတကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အရေအတွက်ဟာ ခါတိုင်းထက်နည်းပါးကြောင်း၊ ဒီလထဲ မိခင်များနေ့မတိုင်ခင်ရှေ့က ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်နေတာကြောင့် လွတ်ငြိမ်းချမ်းသာခွင့် တင်းကျပ် လိုက်တာလို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီတကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေမှာ တရားရုံးကအမှုပြီးပြတ်စီရင်လိုက်တဲ့သူတွေ၊ လွတ်ငြိမ်းချမ်းသာ တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့သူတွေ ၊ ပြစ်ဒဏ်ရဲ့ ၃ ပုံ ၁ ပုံကို ခံယူပြီးသူ သို့မဟုတ် ထောင်ထဲမှာအနည်းဆုံး ၈ နှစ် ကျခံခဲ့သူတွေပါဝင်ပါတယ်။
ဒါ့အပြင် ထောင်စည်းကမ်းလိုက်နာမှုပေါ်မူတည်ပြီး စံပြနေထိုင်သူ၊ အကောင်းဆုံး နေထိုင်သူ၊ ကောင်းစွာနေထိုင်သူ၊ အသင့်အတင့်နေထိုင်သူ စသဖြင့် ကြယ်ပွင့်တွေနဲ့ အမှတ်ပေးရာမှာ ခါတိုင်းနှစ်မှာ ကောင်းစွာနေထိုင်သူပါ လွတ်ငြိမ်းချမ်းသာခွင့်၊ လျှော့ပေါ့ခွင့်တွေရပေမယ့် ဒီနှစ်ကတော့ စံပြနဲ့ အကောင်းဆုံးနေထိုင်သူတွေသာ ပါဝင်တယ်လို့ ဆိုပါတယ်။ လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့နှစ်ဦးကတော့ သေဒဏ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိ လျှော့ပေးခံရပြီး ထောင်ကျတာလည်း ၈ နှစ်မပြည့်သေးတာကြောင့် ဒီတခေါက်လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း အကြုံးမဝင် သေးပါဘူး။ dvb