ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွား‌ရေး ကော်မရှင်အစည်းအဝေးတွင် လက်တွေ့ကျသောကဏ္ဍများ ထည့်သွင်းဆွေးနွေးရန် အတည်ပြု

ယခုနှစ်ဝက်တွင် ပြုလုပ်ရန်ရှိသည့် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်၏ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လက်တွေ့ကျသောနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေး ကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။သြဂုတ် ၃ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် နစကဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံအပြီး ယင်းသို့အပြန်အလှန် ကတိကဝတ် ပြုခဲ့ခြင်းလည်း ဖြစ်သည်ဟုသိရသည်။

ထို့အပြင် နှစ်နိုင်ငံ၏ နိုင်ငံရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး နယ်ပယ်တွင် အပြန်အလှန်ဆက်ဆံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများဖလှယ်ရေး အပါအဝင် ရုရှား-မြန်မာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်က‌ ဖော်ပြသည်။နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတိုးမြှင့်သည့်အနေဖြင့် ရုရှားနိုင်ငံတွင် မြန်မာကောင်စစ်ဝန်ရုံးနှစ်ရုံးဖွင့်လှစ်ရန်နှင့် မြန်မာနိုင်ငံတွင်လည်း ကောင်စစ်ဝန်ရုံးများဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ယင်းအပြင်  ရုရှားနှင့်မြန်မာနိုင်ငံပထဝီဝင်နိုင်ငံရေးအခြေအနေများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ထို့နောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ တန်းတူညီမျှမှု၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရှိ စံချိန်စံညွှန်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေမူများကို လေးစားလိုက်နာကာညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးက အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

အလားတူ ဆာဂေးလားရော့ဗ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။၎င်းတို့နှစ်ဦးဆွေးနွေးမှုတွင် ဒေသတွင်းနှင့် ကမ္ဘာ့ပြဿနာများအပြင် နိုင်ငံတကာနယ်ပယ်တွင် ညှိနှိုင်း ဆောင်ရွက်မှုများ အားကောင်းလာစေရန် အဆင်သင့်ရှိကြောင်းလည်း ဆွေးနွေးခဲ့ကြသည့်အပြင် နိုင်ငံခြားရေး ဝန်ကြီးဌာနများကြားဆွေးနွေးပွဲများ ပိုမိုအရှိန်အဟုန်မြှင့်တင်ရန်အတွက် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနများနှင့် RSM ၂၀၂၂-၂၀၂၄ အတွက်လည်း ညှိနှိုင်းရေးအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်၏ ယခု မြန်မာနိုင်ငံခရီးစဉ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် မျောက်ကျောက်ရောဂါရှာဖွေရန်အတွက် ရုရှားမှပေးအပ်သည့် ရောဂါ စမ်းသပ်သည့် ပစ္စည်းအစုံ ၅၀၀ ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရုရှား- မြန်မာသံတမန်ဆက်ဆံရေးသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် (၇၅) နှစ်ပြည့်မြောက်မည် ဖြစ်သည်။

Source- Ministry of Foreign Affairs of the Russian Federation

#popularnews