ကြော်ငြာကနေ ဝင်ငွေကျဆင်းလာကြောင်း Meta ထုတ်ပြန်

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ ဇူလိုင်လအထိ သုံးလတာကာလအတွင်း ကြော်ငြာကနေရတဲ့ ဝင်ငွေဟာ ပထမဆုံးအကြိမ် ကျဆင်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Meta ကုမ္ပဏီရဲ့ဝင်ငွေဟာ ၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒေါ်လာ ၂၈ ဒသမ ၈ ဘီလီယံသာရှိခဲ့ပေမယ့် သုံးစွဲသူအရေအတွက်ကိုတော့ ကျဆင်းမှုမရှိအောင် ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာနှစ်ပေါင်းများစွာ အမြတ်အစွန်းတွေ စံချိန်တင်ရရှိခဲ့ပြီးနောက်မှာ အဲဒီအခြေအနေကနေ လွန်မြောက်သွားမှာကို လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။

TikTok လိုမျိုး ပြိုင်ဘက်တွေကြောင့်လည်း ကုမ္ပဏီရဲ့ ကျော်ကြားမှုပုံရိပ်ကျဆင်းစေခဲ့ပြီး ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေ အနေနဲ့ ကြော်ငြာကနေ ဝင်ငွေရဖို့ကို အပြိုင်အဆိုင် လုပ်ဆောင်လျက်ရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကို ပုံမှန်အားဖြင့် ထိန်းချုပ်ထားတဲ့ Meta ကုမ္ပဏီအနေနဲ့ ကပ်ရောဂါ၊ ငွေကြေးဖောင်းပွမှု၊ ယူကရိန်းစစ်ပွဲနဲ့ အခြားသော အခြေအနေတွေကြောင့် လာမယ့်လတွေမှာလည်း ကြော်ငြာကနေ ဝင်ငွေရရှိမှုဟာ ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံသူတွေက သတိပေး ပြောကြားပါတယ်။