ကာလုံအစည်းအဝေး သဘောတူညီချက်အရ အရေးပေါ်ကာလ (၆) လသက်တမ်း ထပ်တိုးရန်ဆုံးဖြတ်

ဇူလိုင်လ (၃၁) ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလ (၆) လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်က စတင်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူကာ  နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ တပ်မတော်က နိုင်ငံတော် အာဏာကို ထိမ်းထားခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေထံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံ‌တော်၏ လက်ရှိ အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အစီရင်ခံတင်ပြခဲ့ပြီး သဘောတူညီမှု ဆုံးဖြတ်ချက် အရ အရေးပေါ်ကာလ  (၆) လသက်တမ်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ အရေးပေါ်ကာလကို (၂) နှစ် အထိ ကြေညာနိုင်ပြီး (၁) နှစ် သက်တမ်း တစ်ကြိမ်နှင့် (၆) လ သက်တမ်း (၂) ကြိမ် သက်တမ်းတိုးခွင့် ရှိသည်။

လက်ရှိတွင် တပ်မတော်က နိုင်ငံတော်အာဏာ ထိမ်းထား သည်မှာ (၁) နှစ်သက်တမ်းပြည့်ပြီး၍ ပထမ (၆) လ သ က်တမ်းလည်း ဇူလိုင်လ (၃၁) ရက်တွင် ပြည့်မည် ဖြစ်သည်။

ယခု ထပ်တိုးမည့် ဒုတိယအကြိမ် (၆) လသက်တမ်းသည် လာမည့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး  ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပါ ပြ ဌာန်းချက်အရ (၆) လအတွင်း ရွေးကောက်ပွဲ ကျင်းပကာ အစိုးရသစ်ကို အာဏာ ပြန်လည်လွှဲပြောင်း ပေးရမည် ဖြစ်သည်။

လက်ရှိ အာဏာထိမ်းထားသည့် နစက အစိုးရအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးကာ အာဏာရအစိုးရအဖွဲ့ထံ အာဏာပြန်လွှဲပေးမည် ဟု ပြောကြားထားသည်။

အဆိုပါ အစည်းအဝေးသို့တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအ ဖွဲ့ဝင်များ အားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)၏ လုပ်ပိုင်ခွင့်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား သြဂုတ် ၁ ရက်မှစ၍ နောက်ထပ် ၆ လတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ၆ လ တိုးမြှင့်သတ်မှတ်ကြောင်းနှင့်ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာ ဝန်အရပ်ရပ်အား နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံကြောင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်သည်။

ယနေ့ ကျင်းပသည့်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၂)သို့ နိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  popularnews