ကမ္ဘာ့မြေပုံကနေ ယူကရိန်းကို ဖျောက်ဖျက်ပစ်ဖို့ ရုရှား ရည်ရွယ်လုပ်ဆောင်နေ

ကမ္ဘာ့မြေပုံကနေ ယူကရိန်းကို ဖျက်ပစ်ဖို့ ရုရှားက ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းက Donetsk နဲ့ Luhansk ဒေသ နဲ့ တောင်ပိုင်း က Kherson နဲ့ Zaporizhzhia ဒေသတွေမှာ ရုရှား နဲ့ ပေါင်းလိုကြောင်း ပြသတဲ့ လူထုဆန္ဒခံယူပွဲ အတုတွေလုပ်ပြီး၊ ရုရှား နယ်နိမိတ်ထဲ ထည့်သွင်းဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း Linda Thomas-Greenfield က လုံခြုံရေးကောင်စီကို သောကြာနေ့က ပြောကြားလိုက်တာပါ။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ သူ့စိတ်တိုင်းကျ အစိုးရတွေကို တင်နိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုတိယ သံအမတ်ကြီး Dmitry Polyansky ကတော့ ယူကရိန်းမှာ နာဇီ ကင်းရေး၊ စစ်အင်အားကင်းရေးအတွက် အပြည့်အဝဆောင်ရွက်မယ်လို့ လုံခြုံရေး ကောင်စီကို အဲဒီ သောကြာနေ့မှာပဲ ပြောကြားပါတယ်။ အနောက်နိုင်ငံတွေက တာဝေးပစ် လက်နက်ကြီးတွေနဲ့ မြေပြင်ကနေ မြေပြင်ပစ် MLRS ဒုံးကျည်တွေကို ထောက်ပံ့နေတဲ့ အနောက်နိုင်ငံတွေဟာ ယာယီလုံခြုံရေးမျဉ်းကို အနောက်ဘက်ကို ရွေ့သွားအောင် လုပ်နေတာဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ အထူးစစ်ဆင်ရေး ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေကို အကျိုးပြုပေးနေတာ ဖြစ်တယ်လို့ မစ္စတာ Polyansky က ဆိုပါတယ်။

“အစိုးရကို ဖြုတ်ချနိုင်ဖို့ ယူကရိန်းပြည်သူတွေကို ကျွန်တော်တို့ ကူညီပါမယ်” လို့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အာဖရိကထိပ်သီးညီလာခံမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောသွားခဲ့ပါတယ်။  -Ref:VOA