လက်ဝှေ့ဂန္ထဝင် မိုဟာမက်အလီ၏ WBC ရွှေခါးပတ်ကို ပေါင် ငါးသန်းကျော်ဖြင့် လေလံတင်ရောင်းချ
၁၉၇၄ ခုနှစ်တွင် လက်ဝှေ့ဂန္ထဝင် မိုဟာမက်အလီ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် WBC ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်ကို ပေါင် ၅ ဒသမ ၁၅ သန်းဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
လက်ဝှေ့သမိုင်းတစ်လျှောက် အထင်ရှားဆုံးပွဲတစ်ပွဲဖြစ်သည့် ” Rumble in the Jungle” ဟု ကျော်ကြားသော အဆိုပါလက်ဝှေ့ ပွဲကို အာဖရိကတိုက်ရှိ ဇိုင်ယာ(ယခု DR ကွန်ဂိုနိုင်ငံ)တွင် ပြုလုပ်ခဲ့ပြီး မိုဟာမက်အလီ က ပြိုင်ဘက် ဂျော့ချ်ဖိုမင်ကို ရှစ်ချီမြောက်တွင် အလဲထိုးဖြင့်အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။
အစိမ်းရောင်လည်သာဖြင့် ပတ်ထားသည့် ရွှေရောင်ခါးပတ်ကို ဒဲလက်စ်မြို့၌ ပြု လုပ်သော လေလံပွဲတွင် ကြမ်းခင်းစျေး ပေါင် လေးသန်း သတ်မှတ်ခဲ့ပြီး ၁၃ ကြိမ်အထိ အပြိုင်အဆိုင် စျေးပေးခဲ့ကြသည်။ ယင်းခါးပတ်ကို လေလံအောင်မြင်ခဲ့သူမှာ NFL ကလပ် အသင်းဖြစ်သည့် Indianapolis Colits အသင်းပိုင်ရှင် ဂျင်အာဆေးဖြစ်ကြောင်း သိရသည်။
ဂျင်အာဆေးက လေလံအောင်မှုကို သူ၏ Twitter မှတစ်ဆင့် အတည်ပြုခဲ့ပြီး ယင်းရွှေခါးပတ်ကို သြဂုတ် ၂၊ ၉ ရက်များ၌ ပြုလုပ်မည့် သူ၏ပြပွဲများတွင် ပြသသွားမည်ဟု အတည်ပြုခဲ့သည်။ “Fight of the Century” ဟု ထင်ရှားသည့် ဂျိုးဖရေဇီယာနှင့်ပွဲမှ မိုဟာမက်အလီ ဝတ်ဆင်ခဲ့သည့် ဝတ်ရုံကိုလည်း လေလံတင်ရာတွင် ပေါင် ၂၉၀၀၀၀ ရရှိခဲ့ကြောင်း သိရသည်။