စင်ကာပူတွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေသူ ၆ ဦးတွေ့ရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့အထိ မျောက်ကျောက်ရောဂါဖြစ်ပွားနေသူ အမျိုးသား ၆ ဦးကို စစ်ဆေးတွေ့ရှိထားကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ယနေ့ ဇူလိုင် ၂၄ တွင် သတင်းထုတ်ပြန်သည်။

သို့ရာတွင် ယင်းမျောက်ကျောက်ရောဂါကို ကာကွယ်ဟန့်တားရန်အတွက် လက်ရှိအခြေအနေတွင် ကျယ်ကျယ်ပြန့်ပြန့်(သို့)ကြီးကြီးမားမား ကန့်သတ်ချက်များ ပြဌာန်းရန် မလိုအပ်သေးကြောင်း စင်ကာပူရှိ ကျန်းမာရေးကျွမ်းကျင်သူများကပြောသည်။

မျောက်ကျောက်ရောဂါသည် COVID-19 နှင့် အလွန်ကွဲပြားသည့်ရောဂါဖြစ်ကြောင်း စင်ကာပူနိုင်ငံ Duke-NUS ဆေးကျောင်းရှိ ကူးစက်ရောဂါပြန့်ပွားမှုဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးဌာနမှ သိပ္ပံအရာရှိ ဒေါက်တာ Khoo Yong Khean ကပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အကြီးအကဲ တက်ဒ်ရော့စ်က မျောက်ကျောက်ရောဂါအား ကမ္ဘာလုံံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇူလိုင် ၂၃ ရက်ညပိုင်းက ကြေညာခဲ့သည်။