Xiaomi ၏ ပထမဆုံးလျှပ်စစ်ကားကို ဩဂုတ်လတွင် ကြေညာဖွယ်ရှိ

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး လာမယ့် ဩဂုတ်လမှာတော့ သူ့ရဲ့ ပထမဆုံး လျှပ်စစ်ကားမော်ဒယ်ကို ထုတ်ဖော်ကြေညာဖို့ ရှိနေပါတယ်။

အဲဒီကား ဒီဇိုင်းကိုတော့ WM Motor ရဲ့ Maven concept ကားကို ဖန်တီးခဲ့တဲ့ HVST Automobile Design ကနေ တာဝန်ယူ ဖန်တီးခဲ့တာဖြစ်ပြီး ဒီလိုကြေညာပြီးရင်တော့ အဲဒီကားကို လမ်းတွေပေါ်မှာ စမ်းသပ်မောင်းနှင်ဖို့ကိုပါ စီစဉ်ထားတယ်လို့ သိရပါတယ်။

Xiaomi ဟာ လျှပ်စစ်ကားဈေးကွက်ထဲကို ဝင်ရောက်မယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက ကြွေးကြော်ခဲ့တာဖြစ်ပြီး လာမယ့် ၁၀ နှစ်အတွင်းမှာ ဒေါ်လာ ၁၀ ဘီလီယံထိ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားကာ လက်ရှိမှာတော့ လျှပ်စစ်ကားမော်ဒယ် လေးမျိုးရဲ့ ရှေ့ပြေးနမူနာတွေကို စမ်းသပ်လျက်ရှိပါတယ်။

ကားထုတ်လုပ်ရေး စက်ရုံ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာတို့ကို ယီဇောင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ကုမ္ပဏီရဲ့လျှပ်စစ်ကားတွေကို ဈေးကွက်ကို ပို့ဆောင်နိုင်ဖို့ Xiaomi က မျှော်လင့်ထားပြီး စက်ရုံ အပြည့်အဝလည်ပတ်နိုင်ရင် တစ်နှစ်ကို ကားအစီးရေ တစ်သိန်းငါးသောင်းလောက်ထိ ထုတ်လုပ်နိုင်ဖွယ်ရှိပါတယ်။