YBS (၆)လိုင်း ခရီးအကွာအဝေးဖြင့် ယာဉ်စီးခကောက်ရန်စီစဉ်

YUPT ကုမ္ပဏီက YBS ယာဉ်လိုင်း (၆) လိုင်းကို ခရီးအကွာအဝေးစနစ်နဲ့ ယာဉ်စီးခ ပြောင်းလဲကောက်ခံဖို့ စီစဉ် နေတယ်လို့ YUPT ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ခရီးအကွာအဝေးနဲ့ ယာဉ်စီးခ သတ်မှတ် ကောက်ခံမယ့် ယာဉ်လိုင်း (၆) လိုင်းကတော့ YBS 2 ၊ YBS 3 ၊ YBS 4 ၊ YBS 24 ၊ YBS 28 နဲ့ YBS 110 ယာဉ်လိုင်း တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးအကွာအဝေးစနစ်နဲ့ ယာဉ်စီးခကောက်ခံတာကို ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ခွင့်ပြုချက်ရရင် စတင်ကောက်ခံသွား မယ်လို့ YUPT ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။ ခရီးအကွာအဝေးနဲ့ ယာဉ်စီးခ ကောက်ခံမှုအနေနဲ့ ဂိတ်စကနေ ခရီးစဉ် တစ်ဝက်ကို (၂၀၀) ကျပ်၊ ခရီးစဉ် တစ်တက်ကနေ ဂိတ်ဆုံးကို (၂၀၀) ကျပ် နဲ့ ဂိတ်စဂိတ်ဆုံးကို (၄၀၀) ကျပ် ပြောင်းလဲ ကောက်ခံဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

YPS ကတ်နဲ့ ခရီးစဉ် အစအဆုံး အသုံးပြုပေးချေမယ်ဆိုရင်တော့ ယာဉ်စီးခ ၅ ရာခိုင်နှုန်း လျှော့ချပေးမှာ ဖြစ်ပြီး (၃၈၀) ကျပ်သာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းကို အများပြည်သူ လိုက်ပါစီးနင်းမှု မြင့်တက်လာပြီး နေ့စဉ် ခရီးသည် တစ်သန်းကျော် စီးနင်းနေတယ်လို့လည်း သိရပါတယ်။ source:onenews