တီဘီကုသရန် ရန်ပုံငွေ ကန်ဒေါ်လာငါးသန်းပေးထား

တီဘီရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အဓိကအနေနဲ့ နိုင်ငံတော်ရန်ပုံငွေ၊ ကမ္ဘာ့ရန်ပုံငွေ အထောက်အပံ့တွေနဲ့ ဆောင်ရွက်ရပြီး အခု(၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်က ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅)သန်းခွဲဝေချထားပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။ တီဘီရောဂါဖြစ်ပွားမှုအများဆုံးကတော့ ရန်ကုန်တိုင်းဒေ သကြီးဖြစ်ပြီး တီဘီရောဂါဖြစ်ပွားမှုနည်းတဲ့ ဒေသတွေမှာလည်း ကျန်းမာရေးဌာနကို သတင်းမပို့တဲ့ လူနာတွေ ရှိနိုင်တဲ့အတွက် ကြိုးစားရှာဖွေကုသပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာတွေလက်လှမ်းမီစေဖို့အတွက် လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့မော်လမြိုင်မြို့တွေမှာ BSL-3 တီဘီ ဓါတ်ခွဲခန်းတွေ၊ ထားရှိဆောင်ရွက်နေပြီး Gene-Xpert စက် အလုံး(၁၁၀) ကို တီဘီရောဂါ တိုက်ဖျက်ရေး ဌာန (၈၆)ခုမှာ တပ်ဆင်ပြီး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်၊၊ တီဘီရောဂါနဲ့ပတ်သက်ပြီး အမျိုးသား မဟာဗျူဟာပန်းတိုင်ဖြစ်တဲ့ “၂၀၃၅ ခုနှစ်မှာ လူဦးရေတစ်သိန်းမှာ တီဘီရောဂါဖြစ်ပွားမှုနှုန်း(၁၀)ယောက်အောက် လျော့နည်းစေရေး” ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းရဲ့ (၂၀၂၁) ခုနှစ် နှစ်ချုပ် အစီရင်ခံစာအရ မြန်မာနိုင်ငံက လူဦးရေ တစ်သိန်းမှာ တီဘီလူနာရှာဖွေတွေ့ရှိနှုန်း (၁၁၈)ယောက်နဲ့ စုစုပေါင်း တီဘီလူနာတွေရဲ့ ဆေးကုသအောင်မြင်နှုန်း ကတော့ (၈၇%) ရရှိခဲ့တယ်လို့ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။