ထိုင်းနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်ရောဂါဖြင့် လူ၂၈ ဦးသေဆုံး၊ တစ်ပတ်အတွင်း သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်လာ

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြင့်လူ ၂၈ ဦးသေဆုံးခဲ့ပြီး လူနာသစ် ၂၂၅၇ ဦး ဆေးရုံတွင် ကုသမှုခံယူခဲ့ကာ ၎င်းတို့အနက် တစ်ဦးမှာ ပြည်ပမှဝင်ရောက်သူဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၁၄ ရက်)တွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၌ ကူးစက်ခံရသူပေါင်း ၂,၃၂၉,၇၄၆ ရှိခဲ့သည့် ဇန်နဝါရီ ၁ ရက်နောက်ပိုင်းက နိုင်ငံတွင်း ကူးစက်သေဆုံးမှုကိန်းဂဏန်းများ မြင့်တက်လာခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၄,၅၅၃,၁၈၁ အထိရှိနေပြီး ပြန်လည်ကောင်းမွန်လာသူ ၄,၄၉၈,၀၅၅ ဦးရှိကာကုသမှုခံယူဆဲလူနာ ၂၄၁၉၁ ဦးရှိပြီး ၃၀၉၃၅ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူ ၆၁၄၃ ဦးမှာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့ကြပြီး ဒုတိယအကြိမ် ၁၂၄၂၂ ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံသူ ၅၆၉၇၁ ဦးရှိကာ တစ်နိုင်ငံအတိုင်းအတာနှင့် ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၄၀,၆၂၀,၃၁၉ ဦးရှိသည်။

Worldometer ၏ အချက်အလက်များအရ လက်ရှိအထိ ကမ္ဘာတစ်ဝှမ်းတွင် လူ ၅၆၄ ဒသမ ၂၁ သန်း ရောဂါခံစားခဲ့ရပြီး ၅၃၆ ဒသမ ၂၂ သန်းမှာ ပြန်လည်ကောင်းမွန်ခဲ့ပြီးဖြစ်ကြောင်း အတည်ပြုထားပြီး လူ ၆ ဒသမ ၃၈ သန်း သေဆုံးခဲ့ပြီးဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှုအများဆုံးစာရင်းတွင် ထိုင်းနိုင်ငံက အဆင့် ၂၇ ရှိပြီး အမေရိကန်ကလူဦးရေ ၉၀ ဒသမ ၉၁ သန်း ဖြင့် ထိပ်ဆုံး၌ရှိနေကာ အိန္ဒိယက ၄၃ ဒသမ ၆၉ သန်း၊ ဘရာဇီးက ၃၃ ဒသမ ၀၈ သန်း၊ ပြင်သစ်က ၃၂ ဒသမ ၆၈ သန်း၊ ဂျာမနီက ၂၉ ဒသမ ၄၆ သန်း တို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

ထိုင်းနိုင်ငံ၌ ယမန်နေ့က အတည်ပြုလူနာ ၂၃၉၁ ဦးတွေ့ရှိခဲ့ပြီး ၂၅ ဦးသေဆုံးခဲ့သည်။