စက်သုံးဆီ စျေးနှုန်းများ ဆက်တိုက်ကျဆင်းနေပြီး ၉၂ တစ်လီတာလျှင် ကျပ် ၁၈၀၀ အောက်သို့ ထပ်မံကျဆင်း

စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်ကျ ဆင်းနေပြီး ၉၂ တစ်လီတာလျှင် ကျပ် ၁၈၀၀ အောက်သို့ ထပ်မံကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ဇူလိုင် ၁၄ ရက်တွင်ထုတ်ပြန်သည့် စျေး နှုန်းများအရ ၉၂ တစ်လီတာလျှင် ၁၇၈၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၆၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ဇူလိုင်လပိုင်း တွင် စတင်ကျဆင်းလာခဲ့ပြီး ဇူလိုင် ၇ ရက် တွင် ရောင်းချခဲ့သည့်စျေးနှုန်းမှာ ၉၂ တစ်လီ တာလျှင် ၁၈၃၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၅၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၂၂၅ ကျပ်ဖြစ်သည်။

ယင်းစျေးနှုန်းများမှာ ဧပြီလနောက်ပိုင်း တွင် ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာခဲ့ ခြင်းဖြစ်ပြီး ဧပြီလနောက်ပိုင်းတွင် စက်သုံးဆီ စျေးနှုန်းများမှာ ကျပ် ၂၀၀၀ ကျော်အထက် တွင်သာ ရှိခဲ့သည်။

ဧပြီ ၃၀ ရက်တွင် စျေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၁၉၆၀၊ ၉၅ တစ်လီ တာလျှင် ကျပ်  ၂၀၂၀၊ ပရီမီယံဒီဇယ်တစ်လီတာ လျှင် ၂၃၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၂၀ တို့ဖြစ်သည်။

“ကမ္ဘာ့ရေနံစျေးကလည်း ကျနေတော့ ဆီစျေးက ထပ်ကျနိုင်တယ်။ တစ်လီတာကို ၁၅၀၀ လောက်အထိ ဖြစ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘယ်စျေးတွေအထိ ဖြစ်မလဲဆိုတာက မသိသေးဘူး” ဟု စက်သုံး ဆီစျေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောကြား သည်။

ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇွန်လအတွင်း စက်သုံးဆီသင်္ဘော ၁၇ စင်း ရောက်ရှိခဲ့သဖြင့် ပြည်တွင်းသုံးစွဲမှုသာမကအရန်ဆီအတွက်ပါ သိုလှောင်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြော ကြားသည်။

စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် သီလဝါသို လှောင်ရေးစခန်းတွင် OSS အဖွဲ့ကို ဖွဲ့စည်းထားရှိပြီး စက်သုံးဆီလက်လီအရောင်းဆိုင်များကို အဓိကထား၍စဉ်ဆက်မပြတ်ဖြန့်ဖြူး ရောင်းချပေးလျက်သည့်အပြင် အခြားလုပ်ငန်းသုံးများအတွက်လည်း စက်သုံးဆီလိုအပ်ချက်များကို ဦးစားပေးအစီအစဉ်အတိုင်း လက်ကား ဖြန့်ချိပေးလျက်ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်ကာ ပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံ များမှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာ ခိုင်နှုန်းခန့်သာ ပြည်တွင်းမှ ထုတ်လုပ်နိုင်သည်။

နိုင်ငံရေးအပြောင်းအလဲမဖြစ်ပေါ်မီက ၉၂ တစ်လီတာ ကျပ် ၆၂၀ ဝန်းကျင်၊ ၉၅ တစ် လီတာလျှင်  ကျပ် ၇၅၀ ဝန်းကျင်သာ ရှိခဲ့သော် လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ် အပြီး တစ်နှစ်နီးပါးခန့်အကြာတွင် စက်သုံးဆီစျေး နှုန်းမှာ အဆပေါင်းများစွာ မြင့်တက်ခဲ့သည်။  Eleven