ပါရာဆဲလ်ကျွန်းများအနီး ဝင်လာသည့် အမေရိကန်စစ်သင်္ဘောများကို တရုတ်စစ်တပ်က သတိပေး မောင်းထုတ်

ဇူလိုင်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့၌ တရုတ်က ၎င်း၏ရေပိုင်နက်ဟု ယူဆထားသော တောင်တရုတ်ပင်လယ်ရှိ ပါရာဆဲလ် ကျွန်းများအနီး အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Benfold သည် တရားမဝင် ဖြတ်သန်း ဝင်ရောက်လာသည်ဟုဆိုသည်။ ထို့ကြောင့် တရုတ်စစ်တပ်က ၎င်းသင်္ဘောအားဝေဟင်နှင့် ရေကြောင်းတပ်ဖွဲ့များပူး​ပေါင်း ခြေရာခံ၍ သတိပေးကာ မောင်းထုတ်ခဲ့ကြောင်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်ဌာနချုပ် (PLA) က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်သင်္ဘောသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ တရုတ်ရေပိုင်နက်အတွင်းသို့ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုထိခိုက်စေကြောင်း တောင်ပိုင်း စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Tian Junli က ပြောကြားခဲ့သည်။

ထို့နောက် Tian ကယင်းကဲ့သို့ ဝင်​ရောက်လာခြင်းသည် အမေရိကန်မှ ရေကြောင်းသွားလာမှုဆိုင်ရာ လွှမ်းမိုးခြင်းနှင့် တောင်တရုတ်ပင်လယ်၌ စစ်အင်အား ဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည်ကို ဖော်ပြနေသည်ဟု ဆိုသည်။

USS Benfold က​တော့ နိုင်ငံတကာ ဥပဒေနှင့်အညီ ဖြတ်သန်းသွားလာခြင်းဖြစ်သည်ဟု အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။

နိုင်ငံတကာဥပဒေက ခွင့်ပြုထားသည့် နေရာတိုင်း၌ နိုင်ငံတိုင်းမှ ပျံသန်းခွင့်၊ ​မောင်းနှင်ခွင့်ရှိသဖြင့် တရုတ်၏ပြောကြားချက်သည် မိမိတို့ကိုဟန့်တားနိုင်မည် မဟုတ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပါရာဆဲလ် ကျွန်းများကို တောင်ဗီယက်နမ်အစိုးရထံမှ ၁၉၇၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားသည်။ သို့ရာတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ အားလုံးသည် ၎င်းတောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍  မကြာခဏ အငြင်းပွားမှု ဖြစ်ပွားလေ့ရှိသည်။

Source: Chinadaily/Reuters